29 December 2010

ကြည်လင်တောက်ပတဲ့ အသားအရေပိုင်ရှင်တစ်ယောက်ဖြစ်ဖို့

 http://shwebeauty.com/မှ ညီမလေး တစ်ယောက်က သူတို့ဘလော့မှာ လာရေးဖို့ ဖိတ်ခေါ် တာကြောင့်  ဒီပို့လေးကို အဲဒီမှာ ရေးဖြစ်တယ်။ ကိုယ့်ဘလော့မှာ စုစုစည်းစည်း ဖြစ်စေချင်တာကြောင့် ဒီမှာပြန်တင် လိုက်ပါတယ်။ 
 
ကြည်လင်တောက်ပနေတဲ့ အသားအရေ ပိုင်ရှင်တစ်ယောက် ဖြစ်ဖို့အတွက် ဘာတွေလိုအပ်မလဲဆိုရင် ကိုယ့်အသားအရည်ကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက်လဲဆိုတာနဲ့ ဆိုင်ပါလိမ့်မယ်။ ဒီတော့ကိုယ်နဲ့လိုက်ဖက်တဲ့ skin care တွေမဝယ်ခင်မှာ ကိုယ့်အသားအရေက ဘယ်လိုအနေအထားရှိလဲ ဘယ်လိုမျိုးထိန်းသိမ်းမှုတွေ လုပ်သင့်လဲဆိုတာ သိထားဖို့က အရေးကြီးဆုံးပါ။
လူ့ရဲ့အသားအရည်ဟာ Ph 5.5 ရှိပြီး mild acid အမျိုးအစားဖြစ်တယ်။ ဒီတော့ ကိုယ်သုံးတဲ့ ပစ္စည်းတွေဟာလည်း Ph 5.5 ဖြစ်သင့်တယ်။ တကယ်လို့ ကိုယ်သုံးတဲ့ ပစ္စည်းတွေက Ph 5.5 ထက်ပိုတဲ့ alkaline အမျိုးအစားတွေဖြစ်ခဲ့မယ်ဆိုရင် အသားအရေကသူ့ရဲ့ Ph level ကို လိုက်ညှိုနေရတဲ့အတွက် ကြာလာတဲ့အခါ အသားအရေပျက်စီးဖို့ကို ပိုပြီးတွန်းအားပေးသလို ဖြစ်နေပါလိမ့်တယ်။ နောက်ထပ်အရေးကြီးတာက ကိုယ့်အသားအရေဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ သိဖို့လိုအပ်တယ်။ အဆီပြန်တဲ့အသားအရေပိုင်ရှင်လား၊ ခြောက်သွေ့တဲ့ အသားအရည် ပိုင်ရှင်လား သို့မဟုတ် နှစ်ခုလုံး ပေါင်းစပ်ထာတဲ့ အသားအရည်ပိုင်ရှင်မျိုးလား ဆိုတာကို စစ်ဆေးတတ်ဖို့လိုပါလိမ့်မယ်။
တစ်လတစ်ကြိမ် ကိုယ့်ရဲ့အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဘယ်လိုအဆင့်လေးတွေ လုပ်သင့်တယ်ဆိုတာကို အဆင့်အလိုက် ပြောပြပါမယ်။ Artistry ကိုသာ ကြိုက်နှစ်သက်လွန်းတာကြောင့် Artistry ပစ္စည်းတွေသုံးပြီးတော့ ပြောပြသွားပါမယ်။  Artistry ပစ္စည်းတွေ အားလုံးဟာ Pure Organic ဖြစ်တာကြောင့် အသားအရေပျက်စီးမှာကို လုံးဝပူစရာမလိုပါဘူး။  ရွေးချယ်မှုကတော့ လူတစ်ကိုယ်အကြိုက်တမျိုးမို့ လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။
ဘယ်လိုတံဆိပ်မျိုးကို ရွေးချယ်သင့်လဲဆိုရင် အခုကမ္ဘာမှာ ရောင်းအားအကောင်းဆုံး  Prestige Brand တွေကတော့ Artistry, Lancôme, Estée Lauder, Clinique , Chanel ဆိုပြီးတော့ Euromonitor ကနေ ဈေးကွက်လေ့လာမှုလုပ်ထားပါတယ်။ Prestige Brand ဆိုတာဘယ်လိုသတ်မှတ်လဲဆိုရင် ဒီပစ္စည်းတွေထုတ်လုပ်ဖို့အတွက် ကိုယ်ပိုင်စိုက်ပျိုးရပါမယ်။ ကိုယ်ပိုင် R&D and Scientists တွေရှိရပါမယ်။ Color, Skin Care အားလုံးအပြည့်အစုံ ထုတ်ရပါမယ်။ ဒီလိုအချက်အလက်တွေနဲ့ပြည့်စုံမှသာ Prestige Brand လို့သတ်မှတ်ပါတယ်။
1.     Makeup Remover
မျက်နှာမှာ မိတ်ကပ်တွေလိမ်းထားခဲ့ရင် Makeup Remover ကိုသုံးဖို့အကြံပြုပါတယ်။ Makeup Remover မသုံးဘဲ Cleanser ကိုဘဲသုံးရင်ရော မရဘူးလာလို့မေးလာရင်တော့ ရပါတယ်။ ဒါပေမဲ့ Makeup Remover ကမိတ်ကပ်တွေကိုဖျက်ပေးလိုက်တဲ့အတွက် Cleanser ထဲမှာပါတဲ့ ပစ္စည်းတွေက မျက်နှာကိုပိုပြီး အထောက်အကူပြုစေပါတယ်။ တကယ်လို့ Makeup Removerမသုံးခဲ့ရင် Cleanserအနေနဲ့ မိတ်ကပ်တွေကို ဖျက်ပေးလိုက်တဲ့အလုပ်ကိုသာလုပ်နိုင်တော့တဲ့အတွက် Cleanserထဲမှာပါတဲ့အသုံးဝင်တဲ့အရာတွေက မျက်နှာထဲကို မရောက်တော့တာကြောင့်ပါ။ Makeup Remover သုံးပြီးနောက် ရေစွတ်ထားတဲ့ ဖော့တုန်းလေးနဲ့ အသာလေးသုတ်ပေးလိုက်ပါ။
2.    Cleanser (Facial Form)
Makeup Remover သုံးပြီးနောက်မှာ မျက်နှာကိုသန့်သွားအောင်လုပ်ဖို့အတွက် Cleanserကိုအသုံးပြုပါမယ်။ Cleanserကိုမျက်နှာပေါ်မှာ အစက်လေးတွေချပြီး မျက်နှာကိုမတိုက်ပါနဲ့။ ဆပ်ပြာတွေကို အမြှုတ်ထွက်လာအောင်လုပ်ရင်းနဲ့ ကိုယ့်မျက်နှာအသားအရေကို လျော့ရဲလာအောင် ပွတ်တိုက်တဲ့ အတွက်ကြောင့်ပါ။ Cleanserကိုသုံးဖို့အတွက် မှန်ကန်တဲ့နည်းလမ်းက လက်ကိုဆပ်ပြာနဲ့စင်အောင်ဆေးပြီးရင် Cleanser ကို လက်ထဲထည့်ပြီး အမြှုတ်များထွက်လာအောင် လက်ထဲမှာပြုလုပ်ပြီးမှသာ မျက်နှာပေါ်ကိုတင်ရပါမယ်။ မျက်နှာသစ်တဲ့အချိန်မှာ Beauty Finger လို့ခေါ်တဲ့ လက်ခလယ်နဲ့လက်သကြွယ် ၂ချောင်းကိုသာ သုံးပြီး အပေါ်ကိုပင့်တင်တဲ့စက်ဝိုင်းအတိုင်း သစ်ရပါမယ်။ ဘာကြောင့် Beauty Finger လို့ ခေါ်ရလဲဆိုတော့ လက်ငါးချောင်းကို ထောက်ကြည့်လိုက်ရင် လက်ခလယ်နဲ့လက်သကြွယ်က အားအပျော့ဆုံးဖြစ်နေလို့ပါ။ မျက်နှာကိုကိုင်တွယ်ရင် နုညံ့ညှင်သာစွာ ကိုင်တွယ်ဖို့က အရေးကြီးတာကြောင့် ဖြစ်ပါတယ်။ လက်နှစ်ချောင်းနဲ့ ဖြည်းဖြည်းချင်းပွတ်တိုက်ပြီးမှသာ ရေနှင့်ပြန်ဆေးချလိုက်ပါ။
3.     Toner
မျက်နှာသစ်ပြီးသွားပြီဆိုရင် Toner ကိုသုံးကာ မျက်နှာကိုထပ်ပြီးသန့်စင်ပါမယ်။ အချို့လူတွေက  Tonerသုံးဖို့မလိုအပ်ပါဘူးလို့ ထင်ကြတဲ့သူတွေ ရှိတတ်ပါတယ်။ တကယ်တော့ Tonerက Cleanser သုံးပြီးနောက်ကျန်နေသေးတဲ့ အညစ်အကြေးတွေကို ထပ်ပြီးသန့်စင်ပေးတာပါ။ အထူးသဖြင့် ချွေးပေါက်ထဲ့မှာ ကျန်နေတဲ့အရာတွေကို အပြီးသတ်ဖယ်ရှားပေးတာပါ။ ပြီးရင် ကိုယ့်ရဲ့ Ph level ကိုပြန်ညှိ့ပေးလိုက်တာမို့  လေကြောင့်၊ နေရောင်ကြောင့်၊ စိတ်ဖိစီးမှုကြောင့် ပျက်ဆီးသွားတွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ Toner ရွေးချယ်တတ်ဖို့ကလည်း အရေးကြီးတယ်။ ကိုယ့်အသားအရည်က ရေဓာတ်လိုအပ်နေရင်Essentials Hydrating Toner လိုမျိုး ရေဓာတ်ဖြည့်ပေးတဲ့  Toner မျိုးကို ရွေးချယ်အသုံးပြုရပါမယ်။ အောက်မှာဖော်ပြထားတဲ့ အဆင့်တွေပြီးတိုင်းမှာ Toner သုံးသွားဖို့လိုအပ်ပါတယ်။
4.     Polishing Scrub
Scrubကိုသုံးရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဆဲလ်အသေတွေကို ဖယ်ရှာဖို့အတွက်ပါ။ မျက်နှာမှာရှိတဲ့ ဆဲလ်တွေဟာ ၂၈-ရက်တစ်ကြိမ် သေပြီးအသစ်ပြန်တည်ဆောက်ပါတယ်။ တကယ်လို့ ဆဲလ်အသေတွေကိုသေချာ မဖယ်ရှာခဲ့ရင် အသားအရည်ကညီညာမှုမရှိဘဲ တစ်ချို့နေရာမှာ ဖြူပြီး တချို့နေရာမှာညိုတိုတို ဖြစ်နေပါလိမ့်မယ်။ Scrub ကိုသုံးလိုက်ခြင်းဖြင့် အသားအရည်က ညီညီညာညာနဲ့ မျက်နှာပြင်ချောမွေ့မှုရှိလာပြီး ပိုမိုကောင်းမွန်လာမှာပါ။ နှာခေါင်းတဝိုက်မှာရှိတဲ့ ဆားဝက်ခြံတွေကို ဖယ်ရှာဖို့အတွက်ဆိုရင် Scrub က မရှိမဖြစ်ပါ။ Scrub မသုံးခင်မှာ မျက်နှာကို ရေစိုစိုဖြစ်အောင် ရေအနည်းငယ်စွတ်ပြီး  Scrub ကြိုဖည်းဖြည်းညင်သာစွာ ပွတ်တိုက်ရပါမယ်။ Artistry Essential Polishing Scrub ထဲမှာပါဝင်တဲ့ အစိလေးတွေက Jojoba လို့ခေါ်တဲ့ သဲကန္တာရမှာပေါက်တဲ့ အပင်လေးတွေကနေ ထုတ်ယူဖော်စပ်ထားလို့ အသားအရေကို ထိခိုက်ပျက်စီးမှာ စိတ်ပူစရာမလိုအပ်ပါဘူး။
5.     Massage Cream
Massage လုပ်တယ်ဆိုတာ အညောင်းအညာပြေစေဖို့ဖြစ်တယ်။ ဒီလိုဘဲ  Facial Massage လုပ်ခြင်းဖြင့် မျက်နှာပေါ်မှသွေးကြောတွေ ပုံမှန်လည်ပတ်ဖို့၊ အသာအရည် ကြည်လင်ဖို့၊ အသားအရည် ချောမွေ့လာဖို့အတွက်ပဲဖြစ်ပါတယ်။ Switch facial massage နည်းနဲ့  Artistry Creamy Massage ကိုသုံးပြီး Massage လုပ်ပါမယ်။ ထောပတ်သီးနဲ့အတူ တခြားမျက်နှာအတွက် လိုအပ်တာတွေနဲ့ ထုတ်လုပ်ထားတဲ့အတွက် အသားအရေကို နုညံ့ချောမွေ့အောင် ပြုလုပ်ပေးတာကြောင့် အကြိုက်ဆုံးပစ္စည်းထဲမှာ တစ်ခုအပါအဝင်ပါဘဲ။ Massage Cream နဲ့ နှိပ်နယ်ပြီးနောက်မှာ ဂွာဆာလို့ခေါ်တဲ့ အရာလေးနဲ့ ဆွဲပေးလိုက်ရင် မေးရိုးတစ်လျှောက်မှာမလိုအပ်တဲ့အဆီပိုတွေကိုလျှော့ချကာ မေးရိုး ထင်ထင်လေးနဲ့ ပိုပြီးလှပလာပါလိမ့်မယ်။ ဂွာဆာနဲ့ပုံမှန်ဆွဲပေခြင်းဖြင့် အသားအရည်တင်းအောင်လည်း ပြုလုပ်နိုင်ပါတယ်။ ပြီးသွားခဲ့ရင်တော့ တစ်ရူးလေနဲ့ အသာအယာပွတ်တိုက်ပြီး ရေဆေးချလိုက်ရင် ချောမွေ့လှပတဲ့ အသားအရည်ကို ရရှိလာမှာပါ။
6.     Masque
မျက်နှာပေါင်းတင်ဖို့အတွက်ဆိုရင် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် Pore Cleansing Masque သုံးပြီးမျက်နှာပြင်မှ အဆီတွေကို ဖယ်ရှားလိုက်သလို ချွှေးပေါက်တွေကိုလည်းကျဉ်းသွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက်  Moisture Intense Masque ကိုအသုံးပြုကာ မျက်နှာတစ်ပြင်လုံးကိုလိမ်းပြီး ပေါင်းထင်ထားရပါမယ်။ ဆယ်မိနစ်လောက်ကြာပြီးနောက်မှာ မျက်နှာကို ရေခပ်စိုစိုဖြစ်အောင် ပြုလုပ်ပြီး Masque တွေကို ရေဆေးဖယ်ရှာလိုက်ရင် တင်းရင်းတဲ့အသာရည်နဲ့အတူ နုညံ့ချောမွေ့မှုကိုပါ ခံစားသိရှိနိုင်ပါတယ်။
7.     Eye Cream
အသက်ကြီးလာပြီဆိုတာကို သိသာလာအောင်ပြတဲ့အရာတွေကတော့ မျက်လုံးအောက်နားက အရေးအကြောင်းတွေပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ လှနေအောင်ပြင်ထားပါစေ မျက်လုံးအောက်မှာ အရေးအကြောင်းတွေက အထင်းသာပေါ်နေမယ်ဆိုရင် အနည်းငယ်အကျည်းတန်နေပါလိမ့်မယ်။ ဒါကြောင် အရေးအကြောင်းတွေ လျှော့ကျသွားဖို့အတွက် Eye Cream ကမရှိမဖြစ် သုံးရမဲ့အရာတစ်ခုပါဘဲ။  ARTISTRY Time Defence Lifting Eye Crème ကတော့ မျက်လုံးအောက်မှာရှိတဲ့ အရေးအကြောင်းတွေကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးလက်နက်တစ်ခုပါ။
8.     Moisturizer
နောက်ဆုံးအဆင့်အနေနဲ့   Moisturizer လေးလိမ်းပြီး အဆုံးသတ်ဖို့လိုပါပြီ။ တချို့ကအိမ်မှာနေရင် ဘာမှလိမ့်ဖို့လိုအပ်ဖူးလို့ အထင်မှားကြတယ်။  တကယ်တော့ အနဲ့ဆုံး   Moisturizer လိမ်းထားခြင်းဖြင့် လေထဲမှာပါလာတဲ့ ဘက်တီးယီးယားတွေနဲ့အတူ ဖုန်မှုန်အညစ်အကြေးတွေကိုပါ ကာကွယ်ပေး ထားနိုင်ပါတယ်။ နေ့ခင်းနေ့လည် အပြင်ထက်တယ်ဆိုရင် SPF ပါတဲ့ Moisturizer လေးတွေကိုသုံးဖို့လိုအပ်ပြီး ညဖက်တွေမှာတော့ နေရောင်ခြည်မရှိတာကြောင့် SPF မပါတဲ့ Night Cream လေတွေသုံးဖို့အကြံပြုပါတယ်။
ဒီလောက်ဆိုရင် ကိုယ့်ရဲ့အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လစဉ်ပုံမှန် ပြုလုပ်တဲ့နည်းလေးတွေကို သိလောက်ပြီလို့ယူဆပါတယ်။ လစဉ်မဟုတ်ဘဲ အပတ်တိုင်း လုပ်ချင်တယ်ဆိုရင် အမှတ်စဉ် ၁၊၂၊၃၊၄၊၆၊၈ တွေကိုသုံးပြီး ပုံမှန်ပြုလုပ်သွားနိုင်ပါတယ်။ ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီး  အသေးစိတ် သိချင်ရင် http://artistry.com/ မှာလေ့လာနိုင်သလို ကျွန်မကိုဆက်သွယ်ပြီး အကြံညဏ်တောင်းယူနိုင်ပါတယ်။
လှပတဲ့အသားအရည်ကို ပိုင်ဆိုင်နိုင်ပါစေ။

22 December 2010

နှစ်သစ်ကိုကြိုဆိုခြင်း


၂၀၁၀ ဆိုတဲ့နှစ်ဟောင်းကုန်ဆုံးလို့ ၂၀၁၁ ဆိုတဲ့နှစ်သစ်ကိုရောက်လာတော့မယ်။ နှစ်သစ်နဲ့အတူ ကံကောင်းခြင်းတွေ ပျော်ရွှင်မှုတွေက စောင့်မျှော်နေကြပြီလေ။ နှစ်ဟောင်းမှာ ကောင်းတာဘာတွေလုပ်ခဲ့တယ် မကောင်းတာဘာတွေလုပ်ခဲ့တယ်ဆိုပြီး ကိုယ့်ကိုကိုယ်သုံးသပ်ကြည့်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုကောင်းအောင်၊ ပိုစိတ်ချမ်းသာအောင်လုပ်နိုင်ရင် မကောင်းဘူးလား။ အားနည်းချက်လေးတွေ လိုအပ်ချက်လေးတွေကို စဉ်းစားဆင်ချင်ပြီး နှစ်သစ်မှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို ဖြစ်အောင်လုပ်ဖို့ ကိုယ့်ကိုကိုယ်ကတိပေးပြီး ဖြစ်ချင်တာလေးတွေကို လုပ်ကြည့်နိုင်ရင် ပျော်စရာကောင်းမယ်ထင်တယ်။ ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်နိုင်မလား၊ ဖြစ်နိုင်ချေရောရှိရဲ့လားဆိုတာတွေကို သုံးသပ်ကြည့်ဖို့ လိုလိမ့်မယ်။

ကိုယ့်ဘဝမှာ ဘာတွေလိုအပ်နေလဲ၊ ဘာတွေဖြစ်ချင်လဲ၊ ဘယ်လိုမျှော်လင့်ချက်တွေရှိလဲဆိုတွေကို တွေးကြည့်ရင်း နှစ်သစ်ကိုကြိုဆိုလိုက်ပါ။ ကိုယ့်မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကိုယ်ဖြစ်ချင်တဲ့အရာလေးတွေကို လက်တွေ့ချရေးလိုက်ပါ။ နှစ်သစ်ကိုကြိုဖို့အတွက် ဖြစ်ချင်တဲ့အကြောင်းအရာလေးတွေကို ဥပမာအနေနဲ့ ချရေးရရင်.... 
ဝိတ်ချရန်
အသက်အရွယ်နည်းနည်းကြီးလာတာနဲ့အမျှ ကိုယ်အလေးချိန် တရိပ်ရိပ်နဲ့တက်လာတာကို ထိန်နိုင်ဖို့အတွက် အစားအသောက် အနေအထိုင်ပုံစံကို ပြုပြင်ပြောင်းလဲဖို့လိုအပ်လာပြီ။ ဝိတ်ချဖို့ အမြဲကြိုးစားနေရင်း အောင်မြင်အောင်မလုပ်နိုင်ခဲ့ရင် ကိုယ့်ကိုကိုယ်မေးခွန်းတချို့  ပြန်မေးဖို့လိုအပ်နေပြီ။ နေစဉ်စားသုံးနေတဲ့ အစားအစာတွေဟာ ကယ်လိုရီပါဝင်မှုနဲတဲ့ အစာအစာတွေဟုတ်ရဲ့လား။ လေ့ကျင်ခန်တွေပုံမှန်လုပ်ဖြစ်လား။ အဖြေက မလုပ်ဖြစ်ဘူးဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သတ်မှတ်ပြီး စနစ်တကျလုပ်ဖို့ လိုအပ်နေပြီ။ တစ်ပတ်မှာ အနည်းဆုံးသုံကြိမ်လောက် လေ့ကျင့်ခန်းလုပ်ပြီ ပိုနေတဲ့ ကယ်လိုရီတွေကိုလျှောချနိုင်ရင်တော့ လိုချင်တဲ့အနေအထားကို ရလာနိုင်ပါလိမ့်မယ်။ ဒီအချိန်မှာ အရင်ကသိပ်ကြိုက်ခဲ့တဲ့ KFC, McDonald, BBQ စတဲ့အရာတွေကို မစားမိအောင် ရှောင်နိုင်ဖို့လည်း လိုအပ်ပါတယ်။ 

စိတ်ဝင်စားတဲ့ အရာတစ်ခုခုကိုလေ့လာရန်
ကိုယ်မလေ့လာဖူးသေတဲ့ အရာတစ်ခုခုကိုလေ့လာကြည့်ဖို့ စိတ်ကူးရှိလား။ ဥပမာ- ဂစ်တာတီးသင်ခြင်း၊ စကိတ်စီးသင်ခြင်း၊ ရောဂသင်တန်းတက်ခြင်း၊ ရေကူးသင်တန်းတက်ခြင်း အစရှိသဖြင့်ပေါ့။ တကယ်လို့စိတ်ဝင်စားတယ်ဆိုရင် အခုဘဲစုံစမ်းလိုက်ပါတော့။ အသစ်တစ်ခုကို လေ့လာသင်ယူခြင်းဖြင့် ကိုယ့်ရဲ့ ပြင်းစရာကောင်းတဲ့အချိန်တွေ ဖြတ်ကျော်ရင်း စိတ်ဓာတ်တွေလည်း တက်တက်ကြွကြွရှိလာမှာပါ။ 

အကြွေးစာရင်းတွေရှင်းရန်
၂၀၁၀ တစ်နှစ်လုံး ငွေကြေးအကြပ်အတည်းတွေနဲ့ နပန်းလုံးနေလား။ တချို့လည်း ဖုန်းတွေအပြောလွန်ပြီး ဖုန်းခတွေ အလွန်အမင်းကျလို့ ဖုန်းဘေတွေမဆောင်နိုင်တဲ့အဆုံးမှာ ဖုန်းလိုင်းကို ပိတ်ပြစ်လိုက်ရတဲ့ အခြေအနေတွေကလည်း ရှိနေတယ်။ ကိုယ့်ရဲ့အသုံးနဲ့အဖြုန်းကို သေချာသုံးသပ်တတ်ရင်တော့ မလိုလားအပ်တဲ့ အရှုပ်တွေကိုယ့်ဆီရောက်မလာနိုင်ပါဘူး။ ကိုယ့်ရဲ့အသုံးစရိတ်ကိုသေချာသိဖို့အတွက် လစဉ်အသုံးစရိတ်တွေကို စာရင်းနှင့်တကွထားနိုင်ရင် ဝင်ငွေ၊ထွက်ငွေကိုမျှတအောင် ချိန်ဆသုံးနိုင်လာမှာပါ။ ခရက်ဒစ်ကဒ်တွေပေါ်မှာလည်း အရမ်းကြီးမှီခိုလွန်းတတ်တဲ့ အကျင့်ကလည်းမကောင်းဘူး။ လက်မှတ်ကလေးထိုးလိုက်၊ နံပါတ်လေးနှိပ်လိုက်နဲ့ မရှိလဲသုံး၊ရှိလဲသုံးအကျင်းကို ပြင်ဖို့လည်း လိုနေသေးတယ်။ အကောင်းဆုံးကတော့ ကိုယ့်မှာရှိနေတာထက် ပိုမသုံးမိဖို့ အရေးကြီးတယ်။
 
မိသားစု၊သူငယ်ချင်းတွေကို အချိန်ပေးရန်
မိသာစု သို့မဟုတ် သူငယ်ချင်းတွေဟာ ကိုယ့်ကို အမြဲပျော်ရွှင်အောင်ကူညီပေးနေတဲ့ သူတွေပဲလေ။ ဒါကြောင့်သူတို့တွေကို အချိန်ပေးဖို့ဆိုတာ မလုပ်မဖြစ် လုပ်ရမဲ့ အကြောင်းအရာထဲမှာလည် ပါနေတယ်။ ခြွင်းချက်အနေနဲ့ တချို့သောသူငယ်ချင်းများကလည်း ကိုယ့်စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တတ်ကြသေးတယ်။ မိသာစုနဲ့အတူ ညစာအတူတူစားတာတို့ကို တစ်ပတ်မှာ အနည်းဆုံးနှစ်ကြိမ်းလောက်တော့ စားသင့်တယ်လေ။ အဲဒီအချိန်လေးတွေမှာ မိသားစုအချင်းချင်း စကားစမီပြောကြရင်း နွေးထွေးမှုကိုခံစားနိုင်တယ်။ တကယ်လို့ ကိုယ်က မိသားစုနဲ့ဝေးနေတဲ့ နေရာကိုရောက်နေခဲ့ရင်လည်း တစ်ပတ်တစ်ခါလောက်ဖုန်းဆက်ပြီး မိသားစုကို အချိန်ပေးသင့်တယ်လို့ ထင်တယ်။ သူငယ်ချင်းတွေနဲ့ချိန်းပြီး အပြင်ထွက် စားတာတို့၊ တစ်နေရာရာကို သွားလည်တာမျိုကလည်း စိတ်ပင်ပန်းမှုတွေကိုလျှော့စေပြီး သူငယ်ချင်းတွေနဲ့လည်းရင်းနှိးနာလည်မှုတွေပိုရလာမှာပါ။ 
 စိတ်ချမ်းသာစွာနေထိုင်ရန်
အားလုံးသိတဲ့အတိုင်း စလုံးမှာက အလုပ်လုပ်နေရင် စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစည်းမှုတွေ အနည်းနဲ့အများ ရှိနေကြတာဘဲ။ ဒါကြောင့် အားလုံးက ကိုယ့်စိတ်ပျော်ရွှင်စရာလေးတွေကို ဖန်တီးရင်း ဘဝအမောတွေကို ဖြေနေကြတယ်လေ။ အရက်ကြိုက်တတ်တဲ့သူဆို ပိတ်ရက်တွေမှာ အရက်ကလေးနဲ့၊ အချက်အပြုတ်ဝါသနာပါတဲ့သူကလည်း ကိုယ့်စိတ်ကြိုက်လေးတွေကို ချက်ပြုတ်စားသောက်ရင်းနဲ့ စိတ်အပမ်းဖြေကြတယ်လေ။ ဘာဘဲဖြစ်ဖြစ် လူဆိုတာက ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်နေရရင် ပျော်နေကြတာဘဲ။ ခရီးရှည်(သို့မဟုတ်)ခရီးတိုလေးတွေ ထွက်ခြင်းဟာလည်း စိတ်ပင်ပန်းမှုကို ပြေစေတဲ့အတွက် အနည်းဆုံး တစ်နှစ်တစ်ခေါက်လောက်တော့ သွားသင့်တယ်လေ။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ပိုလှသွာအောင်ပြင်လိုက်တာ၊ ကိုယ်အရမ်းကြိုက်တဲ့ အစားအစာလေးတွေကို စားလိုက်ခြင်းဟာလည်း စိတ်ချမ်းသာအောင်လုပ်နည်းတစ်မျိုးပါဘဲ။

စနစ်တကျနေထိုင်ရန်
တခါတလေမှာ ကိုယ့်အခန်းထဲမှာ မလိုအပ်တဲ့ပစ္စည်းတွေနဲ့ ပြည့်နေတတ်တယ်။ မြန်မာတွေရဲ့ထုံးစံအတိုင်း လွင့်ပြစ်ရမှာနှမျှောလွန်းတာကြောင့် သိမ်းထားရင်၊တစ်ချိန်ချိန်မှာအသုံးဝင်လေမလားဆိုပြီး သိမ်ထားရင်းနဲ့ မဝတ်တော့တဲ့အဝတ်တွေ၊ ဘယ်တော့မှပြန်မဖတ်ဖြစ်တော့တဲ့ မဂ္ဂဇင်းအဟောင်းတွေ၊ အသုံးမပြုတော့တဲ့ ပစ္စည်းတွေဟာ တဖြည်းဖြည်းများလာပြီး ရှုပ်ရှက်ခပ်နေတောတော့တယ်။ ကိုယ့်အတွက် အသုံးမဝင်တော့တဲ့အရာတွေကို စွဲလန်းနေမဲ့အစား ခပ်ဝေးဝေးကိုသာ စွန့်ပြစ်လိုက်ပါ။ သန့်ရှင်းသပ်ရပ်နေတဲ့ အခန်းထဲကိုဝင်လိုက်ရတာဟာလည်း စိတ်ချမ်းသာခြင်းတမျိုးပါဘဲ။ 

နှစ်သစ်ကို ကိုယ့်ဖြစ်ချင်တဲ့အရာလေးတွေနဲ့ ကြိုဆိုဖို့အတွက် စဉ်းစားပြီးတဲ့နောက်မှာ လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် ဒိုင်ရာရီ(သို့မဟုတ်) ကိုယ့်ရဲ့နေစဉ်မှတ်တမ်းလေးထဲမှာ ချရေးလိုက်တော့။ ဒါမှလည်း နေ့စဉ်ဖတ်မိပြီးတော့ အချိန်တိုင် သတိပေးနေသလိုဖြစ်နေဖို့လေ။ ကိုယ်ချမှတ်ထားတဲ့ စည်မျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်သွားခဲ့ရင် နှစ်သစ်ကပျော်ရွှင်မှုတွေနဲ့ ပြည့်စုံနေမှာပါ။
ပျော်ရွှင်ရသောနှစ်သစ်ဖြစ်ပါစေ......

15 December 2010

အာရှတွင် ဝိတ်အများဆုံးချနိုင်သူ

ဒီနေ့မနက် ပုံမှန်အချိန်အတိုင်း ရုံးရောက်တယ်။ ဂျီမေး(လ်)ဖွင့်တယ်၊ ဖေ့ဘုတ်ဖွင့်တယ်၊ ဖတ်စရာရှိတာတွေဖတ်တယ်။ နောက်ဆုံးမှ ရုံးကအီးမေး(လ်)ကိုဖွင့်တယ်။ အလုပ်နဲ့ဆိုင်တဲ့ အီးမေး(လ်)မရှိဘူးဆိုပြီး ဆက်ပြီးမဖတ်တော့ဘူး။ အချိန်နည်းနည်းကြာမှ ရုံးကအီးမေး(လ်)ကို တစ်ခေါက်ပြန်စစ်တော့ ခေါင်းစဉ်ကိုဖတ်လိုက်တာနဲ့ တော်တော်လေး စိတ်ဝင်စားသွားတယ်။ အာရှမှာ ဝိတ်အများဆုံးချနိုင်သူ စင်ကာပူလူမျိုးတစ်ယောက်ဆိုပါလား။ ဒီနေ့ စရိတ်တိုင်းသတင်းစာမှာတော့ "Biggest Loser Asia" ခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။ 

Raj Viveganandam ဆိုတဲ့ အသက်၂၄နှစ်သာရှိသော ကောင်လေးက "The Biggest Loser Asia Season 2" မှာ ဝိတ်များဆုံးချနိုင်တဲ့ဆုကို ရရှိခဲ့ပါတယ်။  သူ့ရဲ့ကြိုးစား အားထုတ်မှုကြောင့် 67Kg လျော့ကျသွားတာကတော့ တော်တော်လေး အံသြဖို့ကောင်းပါတယ်။ အခုဆိုရင် သူဟာ 77Kg သာရှိပြီး နဂိုအော်ရီဂျင်နယ်ဝိတ် 144Kgရဲ့ တဝက်နီးနီးကိုလျှော့ချနိုင်ခဲ့တယ်။သူ့ခန္ဒာကိုယ်အချိုးအစားရဲ့ 46.53% ကိုလျှော့ချနိုင်ခဲ့ပြီး သူရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ထိုင်းနိုင်ငံက Atikom Laksanapanai ကိုအနိုင်ရရှိခဲ့ပါတယ်။ တတိယဆုကိုရခဲ့သူကတော့ ဖိလစ်ပင်းနိုင်ငံက Mr Genghis Khan Enrique ဖြစ်ပါတယ်။ ခုလိုကြိုးစားအားထုတ်မှုရဲ့ရလဒ်ဆုအနေနဲ့ US$ 100,000 (S$130,200) ကိုရရှိခဲ့ပါတယ်။  

အခုလိုပြိုင်ပွဲဝင်နိုင်ဖို့အတွက် မလေရှားနိုင်ငံ ပူတာဂျာရားမှာရှိတဲ့ IOI Resort မှာ သုံးလတိုင်တိုင် ကန့်သွင်းပြီး ကြိုးစားခဲ့ရပါတယ်။ ကန့်သွင်းတဲ့အချိန် ပြီးသွားခဲ့ပေမဲ့လည်း ကိုယ်တိုင်ဆက်လက်ပြီး ကြိုးစားခဲ့ပါတယ်။ သူပြောခဲ့တာက ကန့်မှာနေတဲ့အချိန်ထက် အပြင်မှာကြိုးစားခဲ့ရဆတဲ့အချိန်တွေက ပိုပြီးသူ့အတွက် ခက်ခဲပါတယ်တဲ့။ ကန့်ကပြန်လာပြီးနောက်ပိုင် Gym မှာ တစ်ပတ်ကိုခုနစ်ရက် မနက် ၉နာရီ မှ ည၉နာရီတိုင်တိုင် ကြိုးစားလေ့ကျင့်ခဲ့တယ်။  ကန့်ကပြန်လာပြီးနောက်ပိုင်း တစ်ရက်မှ အနားမယူဘဲ ဆက်တိုက်လေ့ကျင့်ခဲ့တာ ဘာကြောင့်ဆိုတာ သူကိုယ်သူ နာမလည်နိုင်ခဲ့ပါဘူးလို့  ပြောခဲ့တယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ အကောင်မြင် စိတ်ဓာတ်တွေဟာ ထောင်ပေါင်းများစွာသော မကောင်မြင်ဝါဒသမားတွေကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။  အောင်မြင်လိုတဲ့စိတ်ဓာတ်ကတော့  အဓိကသောချက်ဖြစ်ပါတယ်။ 

ဒါကြောင့် ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်လာတဲ့အရာတစ်ခုကို ဖြစ်အောင်လုပ်ဖို့အတွက် အောင်မြင်လိုတဲ့စိတ်ဓာတ် ပြင်းပြင်းထန်ထန်ရှိရပါမယ်။ ပြီးရင် သင့်တော်တဲ့ကြိုးစားအားထုတ်မှု ရှိမယ်ဆိုရင် ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခု အချိန်တိုတိုအတွင်းမှာ ဖြစ်လာနိုင်ပါတယ်။ ဒီအကြောင်းအရာကိုဖတ်နေချိန်မှာဘဲ သူတောင် ၇၆ကီလိုကို ချနိုင်တာ ငါဘာလို့မဖြစ်နိုင်ရမှာလဲဆိုတဲ့ စိတ်ကအလိုလိုဝင်လာခဲ့တယ်။ 

ကဲလက်တွေ့ကြည့်ပြီးမှယုံချင်တယ်ဆိုရင်တော့ ဒီအပတ်   စနေနေ့ 2pm နဲ့ 8pm၊ တနင်္ဂနွေနေ့ 8am နဲ့ 10pmမှာ Diva Universal (StarHub Channel 522) ကိုဖွင့်ပြီးစောင့်ကြည်ပေါ့နော။

15 November 2010

အိမ်ပြန်ချိန်


Holiday Mood  ဝင်နေပါသည် .... ဘလော့ရေးရန်လည်း စိတ်မဝင်စားပါ... နှုတ်ဆက်တဲ့ ပို့လေးရေးဖို့လည်း ဘယ်လိုမှ အာရုံမရပါ.... အိမ်ပြန်ရင် ဘာလုပ်မယ် ဘာစားမယ်ဆိုတာတွေဘဲ တန်းစီတွေးနေမိသည်....
အိမ်ပြန်ချိန်တွေကတော့ အမြဲတမ်း ရင်ခုန်စရာကောင်းပါတယ်။ အိမ်ပြန်ရတောမယ်ဆိုတဲ့အသိက ရင်ကိုနွေးထွေးစေတယ်....မွန်းကျပ်မှုတွေ စိတ်အားငယ်မှုတွေရှိလာတိုင်း အရင်ဆုံးသတိရမိတာက အမေ့ရဲ့အိမ်လေ... အဝေးမှာနေရတဲ့သူတိုင်းအိမ်ကို လွမ်းစွတ်တမ်းတာမိကြတာ သဘာဝပါ.... ရန်ကုန်ရောက်တဲ့နေ့ဘဲ ညနေဘက် ညကားစီးပြီးမေမြို့ ပြန်မယ်...တစ်ယောက်ထဲခရီးသွားရတာလဲ တစ်ခါတလေတော့ ကောင်းပါတယ်...  ညဘက်တစ်ညလုံး ကားစီးရတဲ့ အရသာကိုလည်း ကြိုက်တယ်..... တစ်ညလုံးကားစီး လမ်းမှာရပ်ပေးတဲ့ ညလည်းစားကိုစားလိုက် ပြန်အိပ်လိုက်နဲ့ မနက်စောစော လေးငါးနာရီဆို မန္တလေးရောက်ပြီ.... ကားက ရန်ကုန်-ပြင်ဦးလွင် တိုက်ရိုက်ဆိုတော့ မေမြို့  - မန္တလေးတောင်တက်လမ်းတွေကို express ကားကြီးနဲ့ တက်ရတာလဲ တစ်မျိုးတော့ ရင်ခုန်ချင်စရာကောင်းသား... နှစ်ဆယ့်တစ်မိုင်မှာ မနက်စားလေးစားပြီး ခြောက်ထပ်ကွေ့ကို ကားကြီးနဲ့တက်...နည်းနည်းတော့ ကြောက်စရာကောင်းတယ်.... မနက်ခုနစ်နာရီခွဲလောက်ဆို မေမြို့  ဝင်ပြီ..

ဆောင်းတွင်းရောက်နေပြီဆိုတော့ အရောင်အသွေးစုံနေတဲ့ဆွယ်တာလေးတွေရယ်... အရောင်စုံပွင့်နေတဲ့ ပန်းပေါင်းမျိုးစုံကို မြင်ခွင့်ရတော့မယ်.... ချယ်ရီပန်းတွေ့ ပွင့်တဲ့အချိန်မဟုတ်လို့ ချယ်ရီကိုတော့ မြင်ခွင့်ရမယ်မထင်ဘူး.... ဘာပဲဖြစ်ဖြစ်လေ ဆောင်းချမ်းချမ်းမှာ ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်းစီးပြီး လျှောက်သွားတဲအရသာကိုကြိုက်တယ်.... ညဘက်ဆို ခြေလက်တွေအေးကိုက်နေတဲ့အထိ ဆိုင်ကယ်စီးပြီး လျှောက်သွားလေ့ရှိတယ်.... စတော်ဘယ်ရီတွေလည်းပေါ်နေလောက်ပြီ်ဆိုတော့ ထီးလှိုင်ကိုသွား.... စတော်ဘယ်ရီးတွေကို ကိုယ်တိုင်ခူးပြီးသောက်ရတာလည်း ပျော်စရာတမျိုးဘဲ....

မေမြို့ရောက်ပြီဆိုတာနဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲက စနေပြီလေ... အရင်နှစ်က တစ်ရက်တည်းကြည့်ပြီးပြန်လာရတော့ မီးပုံးတွေ အကုန်မကြည့်ခဲ့ရဘူး... ဒီနှစ်မှာတော့ အစအဆုံးကြည့်ရတော့မယ်... တောင်ကြီးတန်ဆောင်တိုင်လောက်မစီကားပေမဲ့ တော်တော်လေး စီတဲ့ ပွဲတစ်ပွဲပါ... မီးပုံးပျံပွဲမှာ IC Show နှစ်ညပါတယ်ဆိုတဲ့ သတင်းကလည်းရထားတော့ အနည်းဆုံးတစ်ညတော့ ကြည့်ဖြစ်အောင် ကြည့်ဦးမယ်....  နှင်တွေဝေနေတဲ့ ပွဲဈေးတန်းမှာ  ရဟတ်စီးရတာကလည်း ပျော်စရာကောင်းတယ်....

အိမ်ပြန်ရောက်ရင် အမျိုးတွေကို လှည့်ပတ်ပြီးကန်တော့လေ့ရှိတယ်...  အရင်တုန်းက အဲလိုကတော့ရင် အဖွားတွေ၊အဒေါ်တွေက မုန်းဖိုးပေးလေ့ရှိတယ်.. အဲဒီအချိန်တုန်းကဆို ကန်တော့ရတာကို အရမ်းပျော်တယ် မုန့်ဖိုးတွေ အမျာကြီးရလို့... အခုကျတော့ ကိုယ်ကပြန်ပြီးတော့ပေးတဲ့ အလှည့်ကိုရောက်ပြီလေ... ယူရတဲ့ အရသာထက် ပေးရတဲ့ အခါရလာတဲ့ပီတီက ပိုပြီးချိုမြိန်ပါတယ်....

စင်္ကာပူရေ.... နင်ရဲ့ ခန်းနားထယ်ဝါမှုတွေကို ခဏစွန့်ပြီး ငါချစ်တဲ့မြို့လေးကို ပြန်ဦးမယ်.... ငါမရှိပေမဲ့ နင်ကတော့ ပုံမှန်လည်ပတ်နေမှာပါ... ဒါပေမဲ့ ငါနင့်ကိုအကြာကြီးခွဲမနေနိုင်ပါဘူး... ငါပြန်လာဦးမှာပါ..... ငါ့ရဲ့  ဘဝကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ဖို့အတွက် နင့်ရဲ့အကူအညီတွေ ငါလိုအပ်နေဦးမှာပါ...




08 November 2010

ကျွန်မနှင့် ဖိနပ်များ

ဖိနပ်ဆိုတာ လူတစ်ဦးတစ်ယောက်အတွက် အမြဲတမ်းလိုအပ်နေတဲ့ မရှိမဖြစ်အရာတစ်ခုပါ။ ဖိနပ်တွေကို ကြိုက်တတ်တဲ့ကျွန်မ ဖိနပ်တွေအများကြီးဝယ်တတ်တဲ့အကျင့်က အဆန်းတော့ မဟုတ်ပါဘူး။ အမြဲတမ်းလိုလို ဆယ်ရံထက်မနဲ့တဲ့ ကျွန်မရဲ့ဖိနပ်တွေဟာ တခါတလေမှာတော့ အလုပ်ရှုပ်သား.. အထူးသဖြင့် အိပ်ခဏခဏပြောင်းလွန်းတဲ့ကျွန်မအတွက် ဖိနပ်တွေကို သိမ်းရတာအလုပ်တစ်ခုပါဘဲ။

တချို့ဖိနပ်တွေက ဈေးအင်မတန်ကြီးသလို လှပဆန်းသစ်မှုဟာလည်း အမျိုးမျိုးရှိကြပြန်တယ်။ တလောက ကမ္ဘာ့ဈေးအကြီးဆုံး ဖိနပ်တစ်ရံဆိုပြီး ဖတ်လိုက်မိတယ်။ ကျောက်မျက်ရတနာ ဒီဇိုင်းပညာရှင် Christopher Michael Shellis ဖန်တီးထားတဲ့ Eternal Diamond (အဆုံးမဲ့ ထာဝရစိန်) လို့ခေါ်တဲ့ ဒေါက်မြင့်ဖိနပ် ကို ရောင်းဈေးက ပေါင် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၅,၀၀၀) တန်ပါသတဲ့။ အဲလောက်ဈေးကြီးတဲ့ဖိနပ်ကိုတော့ ဝယ်စီးဖို့စိတ်ကူးမရှိတာအမှန်ပါ…

တချို့ဖိနပ်တွေက ဈေးအနည်းငယ်ကြီးတယ်။ တော်တော်လေးလှတော့ စီးချင်တဲ့စိတ်ဖြစ်မိတာနဲ့ ဝယ်လိုက်တယ်။ ဆိုင်မှာ ခဏစီးကြည့်တာတော့လည်း အဆင်ပြေနေတာဘဲလေ။ တကယ်တမ်း စီးတဲ့အခါမှာတော့ မျက်ရည်ကျလောက်အောင် နာကျင်ပြီ ဒုက္ခပေးတဲ့ အတွက်ကြောင့် ခဏသာစီးပြီး ဘယ်တော့မှ ထပ်မစီးဖြစ်တဲ့ ဖိနပ်တစ်ရံလည်း ရှိခဲ့ဘူးတယ်။ ဘယ်လောက်ဘဲကြိုက်ကြိုက် ကိုယ်နဲ့ အဆင်မပြေတဲ့ဖိနပ်ကိုတော့ ကြိတ်မှိတ်ပြီးမစီးနိုင်ပါဘူး။

တချို့ဖိနပ်ကျပြန်တော့ ဈေးလည်းသိပ်မကြီးဘူး။ ပေါ့ပေါ့ပါးပါး ရိုးရိုးရှင်းရှင်းနဲ့ စီလို့ကောင်းတယ်။ ခြေထောက်ကိုလည်းပေါက်ပြဲမှု မရှိဘူး။ ဒါပေမဲ့ နေရာတိုင်းကို စီးဖို့မသင့်တော်တဲ့အတွက် အကြမ်းစီးဖို့အတွက်ဘဲ အသုံးဝင်စေတယ်။ ကိုယ်သွားမဲ့ နေရာဒေသနဲ့ လိုက်ဖက်မှုမရှိဘူးဆိုမှတော့ ဘယ်လောက်ပဲ စီးလို့ကောင်းကောင်း အမြဲတမ်းစီးနေဖို့က မဖြစ်နိုင်ဘူးလေ။

တချို့ဖိနပ်တွေက ဈေးနှုန်းအားဖြင့် သင့်တင့်တယ်။ လှတပတနဲ့ စီးလိုက်တဲ့အခါတိုင်းမှာ နာကျင်မှုမရှိဘဲ ပေါ့ပါးလွတ်လပ်တယ၊် လမ်းလျှောက်တဲ့အခါမှာ သက်တောင့် သက်သာနဲ့ လိုရာခရီးကို အဆင်ပြေပြေသွားနိုင်တယ် ။ သပ်သပ်ရပ်ရပ်၊ ခိုင်ခိုင်ခံ့ခံ့နဲ့ ခေတ်မှီ လှပအောင်ချုပ်ထားတဲ့ ဖိနပ်တစ်ရံကိုတော့ အမြဲတမ်းစီးဖို့ ရွေးချယ်ပါတယ်။ ဒီဇိုင်းအရမ်းဆန်းလွန်းရင်လည်း ခဏလေးနဲ့ ရိုးသွားတတ်တာကြောင့် ခပ်ရှုပ်ရှုပ်ဒီဇိုင်းတွေကို ရွေးလေ့မရှိဘူး။ အမြင်အားဖြင့် ခပ်ရှင်းရှင်း၊ မရိုးလွန်း မဆန်းလွန်တဲ့ ဖိနပ်လေးကိုတော့ တော်တော်လေးကြိုက်မိတယ်။

မိန်ကလေးတစ်ယောက်အနေနဲ့ မိမိဘဝလက်တွဲဖော်ရွေးတဲ့အခါ ဖိနပ်တစ်ရံကို ရွေးချယ်သလို သေသေချာချာရွေးနိုင်မှသာ ကိုယ့်ဘဝအတွက် အဆင်ပြေနိုင်မဲ့သူကို ရှာဖွေနိုင်ပါလိမ့်မယ်။ အပေါ်မှာပြောခဲ့တဲ့ ဖိနပ်တွေနဲ့နှိုင်းယှဉ်ရရင် နောက်ဆုံးပြောခဲ့တဲ့ အမျိုးအစားလို ကိုယ့်အတွက် အဆင်ပြေနိုင်မဲ့သူတစ်ယောက်ကို ရွေးချယ်နိုင်ခဲ့ရင်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်မှာပါ…….


04 November 2010

ချစ်သူ…..

ဆုံတွေ့ခြင်းဟာ
ခွဲခွာရခြင်းရဲ့ နိဒါန်လေ....
မမျှော်လင့်ဘဲ ရင်ထဲကိုဝင်လာပြီ
ရုတ်တရက်
ပြန်လည်ထွက်ခွာသွားတဲ့ ချစ်သူ…..

ခွန်းဆင့်သံချို စကားလုံးတွေကို
ပြန်လည်းကာကြား
လွမ်းစွတ်တမ်းတ
ရင်မှာ ငိုကြွေးရပြီလေ……

ပျော်ရွှင်ကြည်နူး
ရင်ခုန်ခဲ့ရတဲ့နေ့ရက်တချို့
ရှောင်ပုန်းထွက်ခွာလို့
လွမ်းစွတ် ကြေကွဲမှုတွေနဲ့
ရှင်သန်နေရဦးမယ်လေ…..

ရင်ကိုနွေးထွေစေတဲ့
စကားလုံးတစ်ချို့ကို
ပြန်လည်ကြားယောင်ရင်း …..
ဟန်ဆောင်မှုကင်းတဲ့
ချစ်ခြင်းတချို့ကို
ရင်ထဲမှာ သိမ်းထားရင်းနဲ့
နားလည်စွာနဲ့ ချစ်နေမှာပါ
ပျော်ရွှင်ပါစေ ချစ်သူ ……..

28 October 2010

မျှော်လင့်ချက် စိတ်ကူး အိပ်မက်

လူတိုင်းလူတိုင်းမှာ အိပ်မက်တွေရှိခဲ့ကြပါတယ်။ ငယ်ငယ်တုန်းက ကလေးဘဝတုန်းကဆိုရင် ဆရာဝန်ကြီးဖြစ်ချင်တယ်၊ စစ်ဗိုလ်ကြီးဖြစ်ချင်တယ်၊ အဆိုတော်ဖြစ်ချင်တယ်၊ ဆူပါမန်းဖြစ်ချင်တယ် အစရှိသဖြင့်ပေါ့။ ငယ်ငယ်တုန်းကဆိုတော့ ဘာကိုမှမတွေးဘူး ဖြစ်ချင်တာကိုဘဲ ထုတ်ဖော်ပြောကြတယ်။ ဖြစ်နိုင်ချေရှိမရှိဆိုတာလဲ တွေးလေ့မရှိဘူး။ ဒါကြောင့် လေးတွေရဲ့စိတ်ကူးက လွတ်လပ်တယ်၊ ဘောင်ကန့်သတ်ချက်မရှိဘူး။ အသက်နည်းနည်းကြီးလာတော့ အိပ်မက်တွေကနည်းနည်းလက်တွေ့ဆန်လာပြီ။ ဆယ်တန်းမှာ အောင်မှတ်လောက်နဲ့ ကပ်ပြီးအောင်ခဲ့ရင် ဆရာဝန်ဖြစ်နိုင်ဖို့လမ်းက မရှိသလောက်ဖြစ်သွားပြီ… သူ့ရဲ့အိမ်မက်ကလည်း တဖြည်းဖြည်းပြောင်းလဲသွားခဲ့ရတယ်။ ဖြစ်နိုင်ချေရှိမရှိဆိုတာကို စမ်းစစ်တတ်လာခဲ့ပြီလေ။ ဒါကြောင့် ကလေးတွေရဲ့အိပ်မက်တွေလောက် လွတ်လပ်မှုမရှိတော့ဘူး။

လူတိုင်းမှာ အိပ်မက်တွေရှိခဲ့ကြသလို ကျွန်မမှာလဲ ရှိခဲ့ဖူးတယ်… ငယ်ငယ်တုန်းကတော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးပေါ့… ကွန်ပျူတာ ဒုတိယနှစ်တက်နေရင်း နိုင်ငံခြားမှာ System Analyst လောက်လုပ်ရင်ဘဲ လစာ ၂၀၀၀ အထက်မှာရှိတယ်လို့ ဆရာမကပြောတော့ အိပ်မက်ကပြောင်းသွားရော… ကျောင်းပြီးရင်နိုင်ငံခြားမှာ ကွန်ပျူတာပညာရှင်အနေနဲ့ အလုပ်လုပ်မယ်ပေါ့… မိဘတွေက ပတ်စပို့ပေးမလုပ်တာတောင် ခိုးပြီးလုပ်ထားလိုက်သေးတယ်။ နိုင်ငံခြားထွက်မလာခင်ချိန်ထိတော့ ကျွန်မရဲ့စိတ်ကူးအိပ်မက်တွေက သိပ်ပြီးကွာဟမှု မရှိသေးပါဘူး… နိုင်ငံခြားမှာအလုပ်သွားလုပ်မယ် မပျော်သုံးနှစ် ပျော်ငါးနှစ် ဆိုပြီးကြွေးကြော်ခဲ့တာ.. ပြီးရင် ကိုယ့်နိုင်ငံမှာဘဲ အခြေချပြီး စီးပွားရေးပြန်လုပ်မယ်ပေါ့။ အခုတောင်လေးနှစ်ပြည့်တော့မယ် ဘာမှဖြစ်မလာသေးဘူး။ စိတ်ကူးနဲ့လက်တွေ့ဘဝက ပြောင်းပြန်အချိုးကျနေပြန်ရော။

စလုံးကိုလည်းရောက်ပြီး အလုပ်လုပ်နေလိုက်တာ အခက်အခဲပေါင်းစုံ ပြသနာပေါင်းစုံနဲ့ လုံးခြာလိုက်ပြီးသကာလ စိတ်ကူးအိပ်မက်ဆိုတာတွေအားလုံး ဘယ်ပျောက်သွားမှန်းကိုမသိတော့ဘူး။ တနေ့တနေ့ စက်ရုပ်ဆန်ဆန်ဘဝကိုဖြတ်သန်းရင်း အိပ်မက်တွေပျောက်ဆုံးသွားခဲ့တယ်။ အခုတော့လည်း စိတ်ကူးအိပ်မက်တွေက တစ်မျိုးပြောင်းလဲသွားပြန်ပြီ။ လုပ်ငန်းတစ်ခုမှာ အောင်မြင်အောင်လုပ်မယ်။ ပြီးရင် တစ်ကမ္ဘာလုံးမှာ ကိုယ်မရောက်ဖူးတဲ့နေရာတွေကို လျှောက်သွားမယ်လို့…

စိတ်ကူးအိပ်မက်ဆိုတာကတော့လွတ်လပ်တယ်လေ။ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လုပ်ချင်တာတွေကို စိတ်ကြိုက်ပုံဖော်ခွင့်ရှိတယ်။ အဲဒီစိတ်ကူးအိပ်မက်တွေကို လက်တွေ့ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကတော့ ကိုယ်တိုင်ဆုံးဖြတ်ချက် လိုလိမ့်မယ်။ လေးစားရတဲ့သူတစ်ယောက်က ပြောဖူးတယ်… ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေကို ချရေးလိုက်ပါတဲ့။ ဥပမာ

၁) ကမ်းခြေနားမှာ အိပ်တစ်လုံးဝယ်မယ်

၂) ဘီအမ်ဒဗလျူ ကားဝယ်စီးမယ်

၃) တစ်ကမ္ဘာလုံးကို ခရီးသွားမယ်

၎) ……………………………………

၅) ………………………………… အစရှိသဖြင့်ပေါ့လေ။ ကိုယ်ဖြစ်ချင်တာတွေကို အကုန်ချရေလိုက်ပါ၊ ပြီရင် မြင်သာတဲ့နေရာမှာ ချိတ်ထားလိုက်ပါ။ ကိုယ့်ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့အတွက် တွန်းအားတစ်ခုရလာလိမ့်မယ်။ စိတ်ကူးတွေကိုမြင်အောင်ကြည့်ပြီး လက်တွေ့အကောင်အထည်ဖော်ကြည့်ပါတဲ့။ စိတ်ကူးတွေတကယ်ဖြစ်လာတာကို တွေ့ရလိမ့်မယ်တဲ့။

လက်တွေ့အကောင်အထည်ဖော်တယ်ဆိုတဲ့အခါမှာလဲ ကိုယ်ရွေးချယ်ထားတဲ့လမ်းက ကိုယ့်အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်ရဲ့လားလို့ စမ်းစစ်ကြည့်ဖို့ လိုအပ်သေးတယ်။ ရောင်းအားအကောင်းဆုံးစားအုပ်တစ်အုပ်ရဲ့ ခေါင်းစဉ်တစ်ခုကိုလည်း သဘောကျမိတယ် “သင်ဟာ မှန်ကန်တဲ့ထိုင်ခုံတစ်ခုမှာ ထိုင်ပြီးပြီလား” တဲ့။ ဆိုလိုတာက လောကကြီမှာ အောင်မြင်မှုရဖို့အတွက် နေရာတွေအများကြီးရှိတယ်။ မှန်ကန်တဲ့နေရာတစ်ခုကို ရွေးချယ်မှသာ ကိုယ့်ရဲ့အောင်မြင်မှုဆီကို အရောက်လှမ်းနိုင်ပါလိမ့်မယ်။

အိပ်မက်တွေမက်ခွင့်ရှိတဲ့ဘဝမှာ လွတ်လပ်စွာပျံသန်းလိုက်ပါ။ အကန့်အသတ်မရှိ မက်ခွင့်ရှိပါတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ကတော့ လူတစ်ဦးချင်းစီရဲ့ လုပ်ဆောင်နိုင်မှုနဲ့ ဆိုင်ပါလိမ့်မယ်။ ဒီပို့စ်လေးကိုဖတ်ပြီး စာဖတ်သူရဲ့ စိတ်ကူးအိမ်မက်တချို့ ပြန်လည်ရှင်သန်လာခဲ့ရင် အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ……

27 October 2010

ပြန်လည်ရောက်ရှိခြင်း

တစ်ခါတလေတော့လည်း စာရေးချင်တဲ့စိတ်က သူ့အလိုလိုဖြစ်လာမိတယ်... ဘလော့ရေးတာကလည်း စိတ်ထွက်ပေါက်တစ်ခုလိုဘဲလေ။ စိတ်ထဲမှာဖြစ်နေတာတွေကို ချရေးလိုက်တော့လည်း ရင်ထဲမှာ နဲနဲပေါ့သွားတာပေါ့။ ဘလော့မရေးတာလဲ တော်တော်ကြာခဲ့ပြီလေ... ၂၀၀၉ လောက်ကရေးထားတဲ့ ဘလော့တချို့ co.cc ဒိုမိန်းမှာ ကျန်ခဲ့တယ်။ သက်တမ်းကုန်ခါနီးတုန်းကလည်း ဘက်ကပ်မလုပ်ထားလိုက်မိတော့ ခုအားလုံးပျောက်သွားတယ်။ အဲဒီအချိန်တုန်းကလည်း စိတ်နဲ့လူနဲ့က သိပ်ပြီးလမိုင်းမကပ်ဘူး။ နောက်ပိုင်းဘလော့ဆက်မရေးတော့ဘူးဆိုပြီး ဒီအတိုင်းဘဲ လွတ်ထားလိုက်တယ်။ တချို့ ပို့စ်လေးတွေကိုတော့နှမျောမိတယ်။ ကောင်းပါတယ်လေ။ ဘဝရဲ့ နာကြင်စရာအစိတ်အပိုင်းအချို့ ကို လက်ရှိအချိန်ထိ ပါမလာအောင် ချန်လှပ်ထားခဲ့တယ်လို့ သဘောထားလိုက်တယ်။ ဘဝမှာလည်း ကိုယ်မလိုချင်တဲ့ အချိန်တွေကို ဖြတ်တောက်ပြစ်လို့ရရင်အကောင်းသားဘဲ။ စိတ်ကူယဉ်မှုသက်သက်ပါ။

ဘလော့ပြန်ရေးရင်ကောင်းမလားလို့ စတေးတပ်တင်ထားလိုက်တော့ တချို့ ကဝမ်းသာအားရနဲ့ ပြန်ရေးပါတဲ့ အားပေးမယ်တဲ့ ... တချို့ ကလည်း မရေးပါနဲ့တဲ့ အချိန်ကုန် အကျိုးမရှိဖြစ်မယ်တဲ့... ဒါပေမဲ့ ရေးစေချင်တဲ့သူကပိုများတယ်လေ.... ကိုယ့်အနေနဲ့ကတော့ အချိန်ကုန် အကျိုးမရှိဖြစ်တယ်လို့ မခံယူပါဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ကိုလုပ်နေရရင် အကျိုးရှိတယ်မရှိဘူးဆိုတာထက် ကိုယ့်စိတ်ကျေနပ်ဖို့က အဓိကပါ။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကိုလုပ်နေရင်းနဲ့ အချိန်ကုန်သွားတာက ပိုကောင်းပါတယ်။ ဘဝဆိုတာ အချိန်တိုတစ်ခုပါဘဲ။
အဲဒီထဲမှာမှ စိတ်ချမ်းချမ်းသာသာ အေးအေးချမ်းချမ်း ရှင်သန်နေထိုင်သွားရရင် ပိုမကောင်းဘူးလား..... ပျော်ရွင်မှုတွေ စိတ်ပျက်စရာတွေ ရှိလာရင်လည်း အပြုံးမပျက်ကြံကြံခံရင်းပေါ့..


ဘလော့ပြန်ရေးမယ်ဆိုတော့လည်း ဘယ်လိုအကြောင်းအရာကို ရေးရင်ကောင်းမလဲဆိုတာကို စဉ်းစားရပြန်ရော။ အကြောင်းအရာတွေ မထပ်ဘဲ အမြဲမပျက်ရေးနိုင်ကြတဲ့ ဘလော့ဂါတွေကို လေးစားပါတယ်။ စာရေးတာကြာလာလေ သူတို့ရေးတဲ့ပို့စ်တွေက ပိုကောင်းလားလေလို့ ထင်မိတယ်။ လက်ရည်တတ်လာတယ်လို့ဆိုမလားဘဲ။ ဘာဘဲဖြစ်ဖြစ် ဒီလောကကြီးထဲမှာ တဖန်ပြန်ပြီး ရှင်သန်လိုက်ဦးမယ် .... ပေါ်တစ်ခါပျောက်တစ်လှည့်ပေါ့.. ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကိုလုပ်ပြီး ကိုယ်ကိုယ်တိုင်ပျော်ရွှင်မှုကို ရှာနိုင်ဖို့က အရေးအကြီးဆုံးပဲ လို့ထင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲနဲ့ပေါ့။

ကဲ..... ပြန်လည်းရောက်ရှိခြင်းနဲ့ မိတ်ဆက်လိုက်လိုက်ပါပြီ.... စိတ်ထဲမှာရှိရင် ရှိသလိုရေးချတဲ့နေရာတစ်ခုကို ဖန်းတီးရင်းနဲ့ .....