28 October 2010

မျှော်လင့်ချက် စိတ်ကူး အိပ်မက်

လူတိုင်းလူတိုင်းမှာ အိပ်မက်တွေရှိခဲ့ကြပါတယ်။ ငယ်ငယ်တုန်းက ကလေးဘဝတုန်းကဆိုရင် ဆရာဝန်ကြီးဖြစ်ချင်တယ်၊ စစ်ဗိုလ်ကြီးဖြစ်ချင်တယ်၊ အဆိုတော်ဖြစ်ချင်တယ်၊ ဆူပါမန်းဖြစ်ချင်တယ် အစရှိသဖြင့်ပေါ့။ ငယ်ငယ်တုန်းကဆိုတော့ ဘာကိုမှမတွေးဘူး ဖြစ်ချင်တာကိုဘဲ ထုတ်ဖော်ပြောကြတယ်။ ဖြစ်နိုင်ချေရှိမရှိဆိုတာလဲ တွေးလေ့မရှိဘူး။ ဒါကြောင့် လေးတွေရဲ့စိတ်ကူးက လွတ်လပ်တယ်၊ ဘောင်ကန့်သတ်ချက်မရှိဘူး။ အသက်နည်းနည်းကြီးလာတော့ အိပ်မက်တွေကနည်းနည်းလက်တွေ့ဆန်လာပြီ။ ဆယ်တန်းမှာ အောင်မှတ်လောက်နဲ့ ကပ်ပြီးအောင်ခဲ့ရင် ဆရာဝန်ဖြစ်နိုင်ဖို့လမ်းက မရှိသလောက်ဖြစ်သွားပြီ… သူ့ရဲ့အိမ်မက်ကလည်း တဖြည်းဖြည်းပြောင်းလဲသွားခဲ့ရတယ်။ ဖြစ်နိုင်ချေရှိမရှိဆိုတာကို စမ်းစစ်တတ်လာခဲ့ပြီလေ။ ဒါကြောင့် ကလေးတွေရဲ့အိပ်မက်တွေလောက် လွတ်လပ်မှုမရှိတော့ဘူး။

လူတိုင်းမှာ အိပ်မက်တွေရှိခဲ့ကြသလို ကျွန်မမှာလဲ ရှိခဲ့ဖူးတယ်… ငယ်ငယ်တုန်းကတော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးပေါ့… ကွန်ပျူတာ ဒုတိယနှစ်တက်နေရင်း နိုင်ငံခြားမှာ System Analyst လောက်လုပ်ရင်ဘဲ လစာ ၂၀၀၀ အထက်မှာရှိတယ်လို့ ဆရာမကပြောတော့ အိပ်မက်ကပြောင်းသွားရော… ကျောင်းပြီးရင်နိုင်ငံခြားမှာ ကွန်ပျူတာပညာရှင်အနေနဲ့ အလုပ်လုပ်မယ်ပေါ့… မိဘတွေက ပတ်စပို့ပေးမလုပ်တာတောင် ခိုးပြီးလုပ်ထားလိုက်သေးတယ်။ နိုင်ငံခြားထွက်မလာခင်ချိန်ထိတော့ ကျွန်မရဲ့စိတ်ကူးအိပ်မက်တွေက သိပ်ပြီးကွာဟမှု မရှိသေးပါဘူး… နိုင်ငံခြားမှာအလုပ်သွားလုပ်မယ် မပျော်သုံးနှစ် ပျော်ငါးနှစ် ဆိုပြီးကြွေးကြော်ခဲ့တာ.. ပြီးရင် ကိုယ့်နိုင်ငံမှာဘဲ အခြေချပြီး စီးပွားရေးပြန်လုပ်မယ်ပေါ့။ အခုတောင်လေးနှစ်ပြည့်တော့မယ် ဘာမှဖြစ်မလာသေးဘူး။ စိတ်ကူးနဲ့လက်တွေ့ဘဝက ပြောင်းပြန်အချိုးကျနေပြန်ရော။

စလုံးကိုလည်းရောက်ပြီး အလုပ်လုပ်နေလိုက်တာ အခက်အခဲပေါင်းစုံ ပြသနာပေါင်းစုံနဲ့ လုံးခြာလိုက်ပြီးသကာလ စိတ်ကူးအိပ်မက်ဆိုတာတွေအားလုံး ဘယ်ပျောက်သွားမှန်းကိုမသိတော့ဘူး။ တနေ့တနေ့ စက်ရုပ်ဆန်ဆန်ဘဝကိုဖြတ်သန်းရင်း အိပ်မက်တွေပျောက်ဆုံးသွားခဲ့တယ်။ အခုတော့လည်း စိတ်ကူးအိပ်မက်တွေက တစ်မျိုးပြောင်းလဲသွားပြန်ပြီ။ လုပ်ငန်းတစ်ခုမှာ အောင်မြင်အောင်လုပ်မယ်။ ပြီးရင် တစ်ကမ္ဘာလုံးမှာ ကိုယ်မရောက်ဖူးတဲ့နေရာတွေကို လျှောက်သွားမယ်လို့…

စိတ်ကူးအိပ်မက်ဆိုတာကတော့လွတ်လပ်တယ်လေ။ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လုပ်ချင်တာတွေကို စိတ်ကြိုက်ပုံဖော်ခွင့်ရှိတယ်။ အဲဒီစိတ်ကူးအိပ်မက်တွေကို လက်တွေ့ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကတော့ ကိုယ်တိုင်ဆုံးဖြတ်ချက် လိုလိမ့်မယ်။ လေးစားရတဲ့သူတစ်ယောက်က ပြောဖူးတယ်… ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေကို ချရေးလိုက်ပါတဲ့။ ဥပမာ

၁) ကမ်းခြေနားမှာ အိပ်တစ်လုံးဝယ်မယ်

၂) ဘီအမ်ဒဗလျူ ကားဝယ်စီးမယ်

၃) တစ်ကမ္ဘာလုံးကို ခရီးသွားမယ်

၎) ……………………………………

၅) ………………………………… အစရှိသဖြင့်ပေါ့လေ။ ကိုယ်ဖြစ်ချင်တာတွေကို အကုန်ချရေလိုက်ပါ၊ ပြီရင် မြင်သာတဲ့နေရာမှာ ချိတ်ထားလိုက်ပါ။ ကိုယ့်ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့အတွက် တွန်းအားတစ်ခုရလာလိမ့်မယ်။ စိတ်ကူးတွေကိုမြင်အောင်ကြည့်ပြီး လက်တွေ့အကောင်အထည်ဖော်ကြည့်ပါတဲ့။ စိတ်ကူးတွေတကယ်ဖြစ်လာတာကို တွေ့ရလိမ့်မယ်တဲ့။

လက်တွေ့အကောင်အထည်ဖော်တယ်ဆိုတဲ့အခါမှာလဲ ကိုယ်ရွေးချယ်ထားတဲ့လမ်းက ကိုယ့်အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်ရဲ့လားလို့ စမ်းစစ်ကြည့်ဖို့ လိုအပ်သေးတယ်။ ရောင်းအားအကောင်းဆုံးစားအုပ်တစ်အုပ်ရဲ့ ခေါင်းစဉ်တစ်ခုကိုလည်း သဘောကျမိတယ် “သင်ဟာ မှန်ကန်တဲ့ထိုင်ခုံတစ်ခုမှာ ထိုင်ပြီးပြီလား” တဲ့။ ဆိုလိုတာက လောကကြီမှာ အောင်မြင်မှုရဖို့အတွက် နေရာတွေအများကြီးရှိတယ်။ မှန်ကန်တဲ့နေရာတစ်ခုကို ရွေးချယ်မှသာ ကိုယ့်ရဲ့အောင်မြင်မှုဆီကို အရောက်လှမ်းနိုင်ပါလိမ့်မယ်။

အိပ်မက်တွေမက်ခွင့်ရှိတဲ့ဘဝမှာ လွတ်လပ်စွာပျံသန်းလိုက်ပါ။ အကန့်အသတ်မရှိ မက်ခွင့်ရှိပါတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ကတော့ လူတစ်ဦးချင်းစီရဲ့ လုပ်ဆောင်နိုင်မှုနဲ့ ဆိုင်ပါလိမ့်မယ်။ ဒီပို့စ်လေးကိုဖတ်ပြီး စာဖတ်သူရဲ့ စိတ်ကူးအိမ်မက်တချို့ ပြန်လည်ရှင်သန်လာခဲ့ရင် အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ……

27 October 2010

ပြန်လည်ရောက်ရှိခြင်း

တစ်ခါတလေတော့လည်း စာရေးချင်တဲ့စိတ်က သူ့အလိုလိုဖြစ်လာမိတယ်... ဘလော့ရေးတာကလည်း စိတ်ထွက်ပေါက်တစ်ခုလိုဘဲလေ။ စိတ်ထဲမှာဖြစ်နေတာတွေကို ချရေးလိုက်တော့လည်း ရင်ထဲမှာ နဲနဲပေါ့သွားတာပေါ့။ ဘလော့မရေးတာလဲ တော်တော်ကြာခဲ့ပြီလေ... ၂၀၀၉ လောက်ကရေးထားတဲ့ ဘလော့တချို့ co.cc ဒိုမိန်းမှာ ကျန်ခဲ့တယ်။ သက်တမ်းကုန်ခါနီးတုန်းကလည်း ဘက်ကပ်မလုပ်ထားလိုက်မိတော့ ခုအားလုံးပျောက်သွားတယ်။ အဲဒီအချိန်တုန်းကလည်း စိတ်နဲ့လူနဲ့က သိပ်ပြီးလမိုင်းမကပ်ဘူး။ နောက်ပိုင်းဘလော့ဆက်မရေးတော့ဘူးဆိုပြီး ဒီအတိုင်းဘဲ လွတ်ထားလိုက်တယ်။ တချို့ ပို့စ်လေးတွေကိုတော့နှမျောမိတယ်။ ကောင်းပါတယ်လေ။ ဘဝရဲ့ နာကြင်စရာအစိတ်အပိုင်းအချို့ ကို လက်ရှိအချိန်ထိ ပါမလာအောင် ချန်လှပ်ထားခဲ့တယ်လို့ သဘောထားလိုက်တယ်။ ဘဝမှာလည်း ကိုယ်မလိုချင်တဲ့ အချိန်တွေကို ဖြတ်တောက်ပြစ်လို့ရရင်အကောင်းသားဘဲ။ စိတ်ကူယဉ်မှုသက်သက်ပါ။

ဘလော့ပြန်ရေးရင်ကောင်းမလားလို့ စတေးတပ်တင်ထားလိုက်တော့ တချို့ ကဝမ်းသာအားရနဲ့ ပြန်ရေးပါတဲ့ အားပေးမယ်တဲ့ ... တချို့ ကလည်း မရေးပါနဲ့တဲ့ အချိန်ကုန် အကျိုးမရှိဖြစ်မယ်တဲ့... ဒါပေမဲ့ ရေးစေချင်တဲ့သူကပိုများတယ်လေ.... ကိုယ့်အနေနဲ့ကတော့ အချိန်ကုန် အကျိုးမရှိဖြစ်တယ်လို့ မခံယူပါဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ကိုလုပ်နေရရင် အကျိုးရှိတယ်မရှိဘူးဆိုတာထက် ကိုယ့်စိတ်ကျေနပ်ဖို့က အဓိကပါ။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကိုလုပ်နေရင်းနဲ့ အချိန်ကုန်သွားတာက ပိုကောင်းပါတယ်။ ဘဝဆိုတာ အချိန်တိုတစ်ခုပါဘဲ။
အဲဒီထဲမှာမှ စိတ်ချမ်းချမ်းသာသာ အေးအေးချမ်းချမ်း ရှင်သန်နေထိုင်သွားရရင် ပိုမကောင်းဘူးလား..... ပျော်ရွင်မှုတွေ စိတ်ပျက်စရာတွေ ရှိလာရင်လည်း အပြုံးမပျက်ကြံကြံခံရင်းပေါ့..


ဘလော့ပြန်ရေးမယ်ဆိုတော့လည်း ဘယ်လိုအကြောင်းအရာကို ရေးရင်ကောင်းမလဲဆိုတာကို စဉ်းစားရပြန်ရော။ အကြောင်းအရာတွေ မထပ်ဘဲ အမြဲမပျက်ရေးနိုင်ကြတဲ့ ဘလော့ဂါတွေကို လေးစားပါတယ်။ စာရေးတာကြာလာလေ သူတို့ရေးတဲ့ပို့စ်တွေက ပိုကောင်းလားလေလို့ ထင်မိတယ်။ လက်ရည်တတ်လာတယ်လို့ဆိုမလားဘဲ။ ဘာဘဲဖြစ်ဖြစ် ဒီလောကကြီးထဲမှာ တဖန်ပြန်ပြီး ရှင်သန်လိုက်ဦးမယ် .... ပေါ်တစ်ခါပျောက်တစ်လှည့်ပေါ့.. ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကိုလုပ်ပြီး ကိုယ်ကိုယ်တိုင်ပျော်ရွှင်မှုကို ရှာနိုင်ဖို့က အရေးအကြီးဆုံးပဲ လို့ထင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲနဲ့ပေါ့။

ကဲ..... ပြန်လည်းရောက်ရှိခြင်းနဲ့ မိတ်ဆက်လိုက်လိုက်ပါပြီ.... စိတ်ထဲမှာရှိရင် ရှိသလိုရေးချတဲ့နေရာတစ်ခုကို ဖန်းတီးရင်းနဲ့ .....