Showing posts with label အမှတ်တရလေးများ. Show all posts
Showing posts with label အမှတ်တရလေးများ. Show all posts

21 October 2008

MPA မှသူငယ်ချင်းများသို့

ဒီနေ့ MPA မှသူငယ်ချင်းတစ်ယောက် online ရောက်လာပြီး သူတို့ ဘွဲ့နှင်းသဘင်တက်ပြီးကြောင်း၊ Dinner မှာရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလာပြတယ်။ သူတို့တွေဘွဲွဲ့တွေယူကြပြီဆိုတော့မှ ကိုယ်လည်း အဲဒီဘွဲ့ကို စွန့်လွတ်ခဲ့တာကို နောင်တရတယ်။ ကျောင်းပြီးပြီးချင်း Thesis မလုပ်ဘဲ ဒီကိုထွက်လာခဲ့တော့ ဘွဲ့ရဖို့က မဖြစ်နိုင်တော့ဘူး။ ထွက်လာကာစကတော့ ဒီကနေ Thesis ရေးပြီး supervisor ကိုလှမ်းပို့မယ်။ လူတွေ့ဖြေမှဘဲ ပြန်ပြီးဖြေမယ်ပေါ့။ ဒါပေမဲ့လေ ဒီလည်းရောက်ရော အလုပ်ထဲမှာ ပြောင်းဆန်နေတာနဲ့ Thesis ရေးဖို့ မပြောနဲ့ အခြေကျအောင်ဘဲ မနည်းကြိုးစားရတာ။ ဒါနဲ့ဘဲ ဆုံးဖြတ်ချက်ချလိုက်မိတယ်။ ကိုယ်က အဲဒီဘွဲ့နဲ့ လုပ်မစားဘူးဆိုတာ သေချာတာကြောင့် ဘွဲ့မယူတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ IT ဆိုတဲ့လမ်းကြောင်းကြီးကိုလျှောက်နေတာကြာပြီဆိုတော့ လမ်းပြောင်ပြီးမလျှောက်ချင်ဘူး။ ဘွဲ့ရအောင်ထိ မလုပ်နိုင်ခဲ့ပေမဲ့ ၂-နှစ်ဆိုတဲ့ စာသင်နှစ်အတွင်းမှာ Public Administration အကြောင်းကို တော်တော်လေးသိခဲ့ရတယ်။ နိုင်ငံတော် အုပ်ချုပ်မှုပိုင်းဆိုင်ရာတွေ၊ တိုင်းပြည်တစ်ပြည်ရဲ့ တိုးတက်မှုအတွက် Management ပိုင်းရဲ့ လိုအပ်ချက်တွေ၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး Administration ပိုင်တွေ၊ ကိုယ်တိုင် ဘယ်လို စီမံခန့်ခွဲမှုတွေ လုပ်ရမယ်ဆိုတာတွေ၊ အုပ်ချုပ်ရေးပိုင်းတွေရဲ့ ဟာကွက်တွေ အများကြီးသိလာခဲ့ရတယ်။ သင်ပေးတဲ့ ဆရာတွေကလည်း အတွေ့အကြုံးအများဆုံးရှိတဲ့ ဆရာ၊ဆရာမတွေချည်းဆိုတော့ အတိုင်းထက်အလွန် ကောင်းတာပေါ့။ အတွေ့အကြုံးနည်းသေးတဲ့ ဆရာ၊ဆရာမတွေ တစ်ယောက်မှမပါဘူး။ အားလုံးလိုလိုက ပါမောက္ခ(သို့မဟုတ်) ဒေါက်တာ အဆင့်တွေဆိုတော့ ကောင်းတာလည်း မပြောနဲ့လေ။ တက်ရတာကလည်း ရန်ကုန် စီးပွားရေးတက္ကသိုလ်(ပင်မ) မှာဆိုတော့ တက္ကသိုလ်ဆိုတဲ့အရသာကို အပြည့်အဝခံစားရတယ်။ အတန်းချိန်မရှိရင် ကန်ဘောင်ကိုသွားပြီး မုန့်စားလိုက်၊ စိမ်းလန်းစိုပြေသွားလိုက်၊ သစ်ပုတ်ပင်ဖက် ဓာတ်ပုံသွားရိုက်လိုက်၊ စာကြည်တိုက်မှာ Internet လေးလုသုံးလိုက်နဲ့ တကယ့်ကို မမေ့နိုင်စရာ နေ့ရက်တွေပါ။ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) တက်ရတာနဲ့ကတော့ ဆီနဲ့ရေလို ကွာပါတယ်။ ရွာသာကြီးမှာက ကျောင်းကလည်းဝေး၊ မြွေကလည်းပေါ၊ ရာသီဥတုကလည်းပူ၊ သစ်ပင်ရိပ်ကကျဲကျဲ။ ကျောင်းကားတွေက ခဏခဏမှောက်၊ ဟီး ဟီး … ကိုယ့်ကျောင်းကို အမွန်းတင်တာပါ။ နည်းနည်းများသွားဘီထင်တယ်။ MPA မှာတွေ့ရတဲ့ သူငယ်ချင်းတွေထဲမှာ အရမ်းလူကြီးဆန်ပြီး စိတ်ဓာတ်ရင့်ကျက်တဲ့သူတွေ ရှိသလို ကလေးအရမ်းဆန်တဲ့ လူကြီးတွေလည်း တွေရတယ်။ ဒါပေမဲ့ အားလုံးက Management ပိုင်းကို စိတ်ဝင်စားကြတဲ့ သူတွေကြည့်ပါဘဲ။ presentation တွေရှိရင်၊ စာမေးပွဲတွေရှိရင် အရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့အိမ်တလှည့် ကိုယ့်အိမ်တလှည့် စာတူတူလုပ်ကြတယ်။ စာမေးပွဲနီးမှ မိုးလင်းပေါက်နီးနီး စားကျက်ခဲ့ကြတဲ့ အချိန်တွေကို သတိရတယ်။ ရုန်ကန်လှုပ်ရှားခဲ့ရတဲ့ အချိန်တွေကို အောက်မေ့သတိရမိတယ်။ အခုချန်ထိလည်း ဘဝပင်လည်ထဲမှာ ရုန်ကန်နေဆဲပါဘဲ။ ဒီစာလေးကိုရေးရင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာကံဇော်နှင့်တကွ စာသင်ပေးခဲ့သော ဆရာ၊ဆရာမ ပါမောက္ခများ၊ ဆရာ၊ဆရာမများကို ရိုသေစွာ ကန့်တော့လိုက်ပါတယ်။
P.S-သူငယ်ချင်းပေးတဲ့ Link လေးပါ။ http://popularmyanmar.com/popw/?p=586

19 October 2008

စာပန်းအိမ်မှ အမှတ်တရ နေ့ရက်များ

ပြင်ဦးလွင်မှာ အပေါများဆုံးအရာတွေက အဆောင်တွေလို့လည်း ပြောလို့ရတယ်။( ပြီးတော့ စိမ်းစိမ်းနဲ့ အကောင်တွေလည်းပေါတယ်) နာမည်ကြီးတဲ့ အဆောင်တွေကတော့ အနည်းစုပေါ့။ စိုးစံ၊ စာပန်းအိမ် အဆောင်ဆိုရင် မသိတဲ့သူ ရှားပါတယ်။ ထိုနှစ်ခုရဲ့ ကွာခြားချက်ကို အနည်းငယ်ရှင်းပြပါမယ်။
စိုးစံ
အဆောင်ပိုင်ရှင်က ဗိုလ်မှူးမောင်လတ်။ သူကတော့ သူ့တပည့်တွေကို စစ်တပ်စည်းကမ်းလို အုပ်ချုပ်တယ်။ အရာရာကို စစ်စည်းကမ်းလိုဘဲ အတိအကျကြီးလုပ်တော့ တချို့ကလေးတွေမနေနိုင်ကြတော့ အဆောင်ကနေ ထွက်ပြေးကြတယ်။ စည်းကမ်းအရမ်းကြပ်တယ်လို့ နာမည်ကြီးတဲ့အဆောင်ပါ။ စည်းကမ်းကြီးသလို အောင်ချက်လည်းကောင်းတဲ့ အဆောင်တစ်ခုပါ။
စာပန်းအိမ်
အဆောင်ပိုင်ရှင်က ဒေါက်တာကျော်ဇော။ သူကတော့ ဆရာဝန်ဆိုတဲ့အတိုင်း သူ့တပည့်တွေကို ဂရုနာနဲ့ အုပ်ချုပ်တယ်။ ဒါကြောင့် ကလေးတွေအားလုံးက ဒေါက်တာကို အရမ်းချစ်ကြတယ်။ စည်းကမ်းက စိုးစံလောက်အရမ်းကြီးမကြပ်ဘဲ စည်းကမ်း ရှိတဲ့အဆောင်တစ်ခုပါ။ အစားအသောက်နဲ့ပတ်သက်ရင်တော့ စာပန်းအိမ်က ပိုကောင်းတယ်လို့ အားလုံးကပြောကြပါတယ်။ အောင်ချက်အနေနဲ့ကတော့ စိုးစံနဲ့ အပြိုင်အဆိုင်ပါဘဲ။ ဘာသာစုံဂုဏ်ထူး ဘယ်သူများလဲဆိုတာ ပြိုင်နေတဲ့ အဆောင်နှစ်ခုလို့လည်း ပြောလိုရပါတယ်။
ဆယ်တန်းတက်မဲ့နှစ်မှာ အဆောင်နေချင်တဲ့ ရောဂါကြောင့် စာပန်းအိမ်တက်မယ်လို့ ပူစာမှုနဲ့ စာပန်းအိမ်ဆိုတဲ့ အဆောင်ကိုရောက်ခဲ့ပါတယ်။ အမှတ်တရ တွေထဲက အမှတ်ရစရာနေ့ရက်တွေပါဘဲ။ အဆောင်မှာနေခိုက်အချိန်တွေတုန်းကတော့ ပျော်စရာတွေ၊ အမှတ်တရတွေ ဘာမှမရှိသလိုဘဲ။ အခုချိန်မှာ ပြန်တွေးကြည့်ရင် အရာအားလုံးက အမှတ်တရတေအပြည့်နဲ့ပါ။
ပထမဆုံးအဆောင်ကို စရောက်တဲ့နေ့
အဆောင်ဝင်ရမဲ့ပထမဆုံးနေမှာ အမေနဲ့ အဒေါ်တွေကလိုက်ပို့ မှုနဲ့ စာပန်းအိမ်(ဇီဇဝါဆောင်)ကို ရောက်ခဲ့ပါတယ်။ လိုက်ပို့ကြတဲ့ အမေတို့လည်းပြန်သွားရော ဝမ်းနည်းတာနဲ့ ငိုမိခဲ့တယ်။ အဲဒီအချိန်မှာ ရောက်နေပြီးကြတဲ့အဆောင်သူတချို့နဲ အဆောင်မှုးက ဝိုင်းမေးကြတယ်။ ဘယ်မြို့ကလာတာလဲတဲ့။ အဝေကြီးကလာတက်လို့လားတဲ့။ “ဒီမြိုကဘဲ လာတတ်တာလို့” ပြောလိုက်တဲ့အချိန်မှာတော့ အားလုံးက ကောင်ချီးပေးကြတယ်။ အားလုံးက အဝေကြီးက လာကြတာ သမီးကအနီးဆုံးလူဘဲလို့ အဆောင်မှုကတော့ အားပေးပါတယ်။
အဆောင်ရဲ့ စာသင်ချိန်တွေက တဆိတ်များလွန်းတယ်လို့ပြောရမလားဘဲ။ မနက်(ရ)နာရီ ကနေ ညနေ (၆)နာရီအထိကို စာသင်ချန်ကဆက်တိုက် နေ့လည်ထမင်းစားချန် (၁)နာရီဘဲ နားတယ်။ ထမင်းစားချန်တစ်နာရီအတွင်းမှာ ရေချိုးချင်ရင် ရေချိုးကြတော့ တချို့က ရေးချိုးရင် ထမင်းမစားရဘူး၊ ထမင်းစားရင်ရေမချိုးရဘူး။ တစ်နာရီအတွင်းမှာ စာသင်တဲ့အဆောင်ကို လမ်လျှောက်သွားရတဲ့အသွား၊အပြန်အချိန် ဆယ်မိနစ်လည်း ပါသေးတယ်။ အဲဒီတော့ အချိန်ကသိပ်မရဘူး။ အိဝေဖြိုးတို့ကတော့ ဘယ်ရမလဲ နှစ်ခုလုံးကို တစ်နာရီအတွင်းအပြီးလုပ်တယ်။ အဆောင်မှရခဲ့တဲ့အကျင့်ကြောင့် အဲ့ဒီနှစ်ခုက အရမ်းမြန်တယ်။ အဆောင်ကြောင့် ကော်ဖီကြိုက်တတ်တဲ့ အကျင့်လည်းရခဲ့တယ်။ မသောက်လို့လည်းမရဘူးလေ။ စာသင်နေတုန်း အတန်းထဲမှာ အိမ်ငိုက်လို့ အခန်းမှာဘေးကစောင့်နေတဲ့ ဆရာမလေးတွေက report တင်လိုက်ရင် ကြိမ်လုံးစာ မိပြီသာမှတ်။ တခါတလေ အိပ်ငိုက်ရင် သို့မဟုတ် ကော်ဖီဖျော်သောက်ဖို့အချိန်မရရင် ကော်ဖီမစ်ထုတ်ကို ဒီအတိုင်းမော့ပြီးစားလိုက်တယ်။ အနည်းဆုံး အိပ်ငိုက်တော့ပြေသွားတာဘဲ။
အဆောင်မှာ နေ့စဉ်တစ်နေ့လုံးစာတွေသင်တယ်။ စာသင်ချိန်များတာလည်းမပြောနဲ့ တစ်ဘာသာကို အနည်းဆုံးနှစ်ယောက်သင်ပြီး အချိန်တွေကလည်းနေ့တိုင်းလိုလိုပါတယ်။ တနေကုန်သင်တဲ့စာတွေကို ညဘက် ထမင်းစာချိန်ပြီးတာနဲ့ study time မှာအကုန်ပြန်ကျက်ရတယ်။ မကျက်ချင်လို့လည်းမရဘူး နောက်နေ့မှာ Tutorial ဖြေလို့ မအောင်ရင် တစ်ဘာသာကို ကြိမ်ဒဏ်တစ်ချက်။ ညနေဘက် ဒေါက်တာကျော်ဇော(သူက Bio သင်တယ်။ သူ့ကို တပည့်တွေကချစ်စနိုးနဲ့ ဒေါက်ကျော်လို့သူ့ နောက်ကွယ်မှာခေါ်ကြတယ်) အချိန်ပြီးလို့ ကလေးတွေဇတ်လမ်းစမယ်ဆိုရင် ရင်ခုန်ရပြီသာမှတ်။ Tutorial ကျတဲ့သူတွေကို နာမည်ခေါ်ပြီး stage ပေါ်တက်ခိုင်ပြီး ထမိန်ကို ဒူးအထက်လှန်ခိုင်တယ်။ ပြီးတော့ ကြိမ်နဲ့ အားကုန်လွှဲပြီးရိုက်တော့တာဘဲ။ ရိုက်ပြီးတာနဲ့ အရှိုးရာကြီးက မည်းနေတာ။ ဒဏ်ကျေလိမ်းဆေး မလိမ်းဘဲထားလိုက်ရင် တသက်လုံးအတွက် အမှတ်တရ အရာလေးတွေထင်သွားမယ်။ တစ်နေ့မှာ သုံးဘာသာကျလို့ကတော့ သေပြီဆရာဘဲ။ နောက်ပိုင်း ဒေါက်တာလည်းမရိုက်နိုင်လို့ထင်တယ်။ တစ်ဘာသာကျရင် ထိုင်ထတစ်ရာ လုပ်ခိုင်းတယ်။ သုံးလေးဘာသာကျလို့ကတော့ အဆောင်လှေခါးကို လေးဘက်ထောက်တက်ရပြီသာမှတ်။ ချေထောက်တွေက ကွနေပြီး ရိုးရိုးမတက်နိုင်တော့လို့။
အဆောင်မှာနေရတဲ့ တွေ့အကြုံကလည်း စုံနေတာဘဲ။ အခန်ထဲမှာ သူမျာပစ္စည်း ယူတတ်တဲ့ တစ်ယောက်ပါတယ်။ သူ့ရဲ့ပြစ်မှတ်တွေကို အများဆုံးခံရတာ ကိုယ်ဘဲ။ အမြဲတမ်း ဟိုဟာပျောက်လိုက် ဒါပျောက်လိုက်နဲ့။ ဘယ်သူ့လက်ချက်လဲဆိုတာက ဗေဒင်မေးဖို့မလိုဘူးလေ။ ဟီးဟီး သူဆီကနေပြန်ခိုးဖူးတဲ့ ပစ္စည်းလေးတော့ရှိတယ်။ EVA လေ။ ကိုယ်မှာလည်းမရှိ ပြန်ဝယ်ဖို့ကလည်း အလွယ်တကူမရနိုင်တော့ သူမရှိတုန်းသူဆီကနေ ပြန်ခိုးလိုက်တယ်။ အားလုံးတော့ပြန်မယူပါဘူး။ တချို့တဝက်ကို သူသုံးဖို့ထားပေးခဲ့လိုက်တယ်။ :P
တစ်နှစ်လုံးမှာကျောင်တက်ရတဲ့နေ့ဆိုတာခပ်ရှားရှားရယ်။ ကျောင်ဆိုတာကဟန်ပြဘဲတက်ရတာကိုး။ ကျောင်တက်ရတဲ့နေ့ဆိုသိပ်ပျော်တာ။ တစ်နေကုန် ကျောင်းမှာ အိပ်လိုက်၊ မုန့်စားလိုက်နဲ့ စာမသင်ရဘူး။ ကျောင်းကပြန်လာပြီဆိုရင်တော့ အဆောင်မှာစာသင်ချိန်က ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။
အဆောင်မှာနေတဲ့ အကျိုးကျေးဇူးအနေနဲ့ လူတိုင်သိပ်ပြီးမရတဲ့ ဂုဏ်ထူးကိုရတဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ တစ်နှစ်ပတ်လုံးကြိုစားခဲ့ရတဲ့အတွက် ရခဲ့တဲ့အသီးအပွင့်တွေပါ။ အဆောင်မှာခင်ခဲ့ရတဲ့ သူငယ်ချင်းတွေအားလုံးကို သတိရမိတယ်။ အဆောင်ပြန်လာ ပြီးကတည်းက သူတို့လည်းသူတို့မြို့တွေကို ပြန်သွားတော့ တော်တော်များများနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ တချို့လည်း အိမ်ထောင်တွေကျနေပြီလေ။
သတိရပါတယ်သူငယ်ချင်းတို့ရေ….သူငယ်ချင်းတွေထဲက ဒီ post လေးဖတ်မိပြီး ဆက်သွယ်လာခဲ့ရင်တော့ အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ…..