Showing posts with label အတွေ့အကြုံ. Show all posts
Showing posts with label အတွေ့အကြုံ. Show all posts

01 January 2011

နှစ်သစ်ကူး အမှတ်တရ

ဒီနှစ် နှစ်သစ်ကူးချိန်မှာ သူငယ်ချင်းတွေနဲ့ Marina Bay Count Down သွားမယ်လို့ စီစဉ်ထားတယ်။ ၃၁ရက်နေ့မနက်မှာဘဲ အမလိုခင်ရတဲ့သူတစ်ယောက်က ဖုန်းဆက်ပြီး သူ့တူမလေးဆုံးသွားကြောင်း အကြောင်းကြားလာခဲ့တယ်။ ကြားလိုက်ရတဲ့သတင်းကြောင့် တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။ ညနေ ၃:၄၅ မိနစ်မှာ မီးသဂြိုလ်ဖို့စီစဉ်ထားတယ်တဲ့။ ဒါနဲ့ဘဲ နှစ်သစ်ကူးချိန် လျှောက်လည်မဲ့ အစီအစဉ်ကို ဖျက်လိုက်ပြီ ညနေဘက် သုံးနာရီကျော်လောက်မှာ Taxi ငှားပြီ Mandai Crematorium & Columbarium Complex ကိုသွားခဲ့တယ်။ ဒီမှာရောက်နေတာ လေးနှစ်ပြည့်တော့မယ် တခါမှ အဲဒီကိုမသွားဖူးတော့ Taxi မောင်းတဲ့သူကိုဘဲ အားကိုးပြီး သွားခဲ့ရတယ်။ အဲဒီနေရာကိုလည်းရောက်ရော Taxi မောင်းတဲ့သူက ဘယ်နေရာမှာ ချပေးရမလဲဆိုတော့ ဘယ်ကိုသွားရမလဲမသိဘူးလို့ပြောတော့ မီးရှို့တဲ့နေရာကို သွားချင်တာလားလို့ဆိုတာနဲ့ အဲဒီနေရာကိုဘဲ ပို့ခိုင်းရတယ်။ မီး သင်္ဂြိုလ် တဲ့ နေရာတွေကလည်းအများကြီး ဆိုတော့ ဘယ်ဟောထဲမှာလဲဆိုတာ လှမ်းမေးပြီး အရောက်သွားခဲ့ရတယ်။ ရောက်သွားတဲ့ အချိန်မှာဘဲ  မီး သင်္ဂြိုလ်ဖို့အတွက် ရွေ့လျားစက်လေးနဲ့ စက်ထဲကိုထည့်ဖို့ ဖြည်းဖြည်းချင်းထည့်နေတာကို တွေခဲ့ရတယ်။ စိတ်မကောင်းခြင်းများစွာနဲ့ဘဲ ကြည့်နေရင်း သံဝေဂရမိတယ်။  အရိုးပြာယူဖို့နဲ့  မီး သင်္ဂြိုလ်စရိတ်အတွက် S$1200 ပေးခဲ့ရတယ်။ အရိုးပြာကိုတော့ နောက်နေ့မနက် ၁၀နာရီမှာလာယူဖို့ပြောလိုက်တယ်။ 

လိုက်ပို့တဲ့သူအချို့ကိုလည်း City Hall ထိပြန်ပို့ပေးကာ ကျန်တဲ့သူများကတော့ သူတို့အိမ်ကိုဘဲ ပြန်လာခဲ့ကြပြီး နောက်နေ့မနက် သက်ပျောက်ဆွမ်းကယ်လှူဖို့အတွက် ပြင်ဆင်ကြရတယ်။ လူရင်းတွေလောက်သာ ခေါ်ထားတဲ့အတွက် လူတွေအများကြီးတော့မဟုတ်ပါဘူး။ ညဘက် လိုအပ်တာများကို ပြင်ဆင်ရင်နဲ့ အချိန်ကတဖြည်းဖြည်းကုန်သွားခဲ့တယ်။ ၁၁နာရီလောက်ကတည်းက နှစ်သစ်ကူးအတွက် SMS တွေတဖွဲဖွဲ ဝင်လာနေရင်းနဲ့ ၁၂နာရီမထိုးခင်မှာဘဲ အိပ်ပျော်သွားခဲ့တယ်။ နှစ်သစ်ကိုကြိုဆိုဖို့က စိတ်ကူးထဲမှာဘဲ ပြီးဆုံးသွားပါတယ်။ ၁ရက်၊၁လ၊၂၀၁၁ မနက်ငါးနာရီလောက်မှာ အိပ်ရာထပြီး အာရုံဆွမ်းကပ်ဖို့အတွက် ဆက်လက် ပြင်ဆင်ကြရတယ်။ ခြောက်နာရီထိုးခါနီလောက်မှာ ဘုန်းဘုန်းတွေကြွလာပြီး သက်ပျောက်ဆွမ်းကပ်ကာ တရားနာယူခဲ့ကြပါတယ်။ 

နံနက်ဆယ်နာရီလောက်မှာ Mandai Crematorium ကိုသွားကာ အရိုးပြာကို ယူခဲ့ရတယ်။ အရိုးပြာအိုးကို သေဆုံးသူရဲ့ အသက်ထက်ငယ်သောသူကသာ ကိုင်ဆောင်ရမယ်ဆိုတာကြောင့် သူ့ညီမလေးကိုဘဲ ကိုင်ဆောင်စေခဲ့ပါတယ်။ အရိုးပြာကို ရေမျှောဖို့အတွက် တရုပ်ဘုန်းကြီးတစ်ပါးရဲ့ ဦးဆောင်မှုနဲ့အတူ  Changi Village Ferry Terminal ကိုရောက်ကာ မော်တော်ဘုတ်တစ်စီးပြီး ပင်လယ်ဘက်ကို ထွက်ခဲ့ကြတယ်။ Pulau Ubin ကျွန်းအကျော်လောက်ရောက်တာနဲ့ မော်တော်ဘုတ်ကိုရပ်ကာ ဘုန်ကြီးက ခေါင်းလောင်းလေးတီးလို့ တရုပ်လို ရွတ်ဖတ်သရဇယ်မှုကို လုပ်တယ်။ ပြီးတာနဲ့ လှေပေါ်မှာပါလာတဲ့လူဆယ်ယောက်ကို တစ်ယောက်ချင်းဆီ အရိုးပြာတွေကို ရေထဲ့သို့ပစ်ချစေပါတယ်။ နောက်ဆုံးမှာ အရိုးအိုးသယ်လာတဲ့ ညီမလေးကဘဲ နောက်ဆုံးကျန်တဲ့ အရိုးတွေကိုရေထဲသို့ပစ်ချလိုက်ပါတယ်။ တော်တော်လေး ဝမ်းနည်းစရာကောင်းတဲ့ အချိန်လည်းဖြစ်ပါတယ်။  

ပြီးတဲ့နောက်မှာ မော်တော်ဘုတ်နဲ့ ပြန်လည်ထွက်ခွာပြီး Changi Village Ferry Terminal ကိုရောက်ရှိခဲ့ကြတယ်။ Ferry Terminal ရောက်တော့ အားလုံးကိုလက်ဆေးဖို့ ဘုန်းကြီးက သတိပေးတာကြောင့် လက်ဝင်ဆေးကာ အိမ်ကိုပြန်ခဲ့ကြတယ်။ လူတွေအားလုံးလည်း အနည်းငယ် ပင်ပန်းနေကြပြီလေ။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုတဲ့ စကားလိုဘဲ မထင်မှတ်ဘဲ အသုဘပို့ပေးဖြစ်တဲ့ နှစ်သစ်ကူးပါ။  ၁ရက်၊ ဇန်နဝါရီလ၊ ၂၀၁၁ခုနှစ်မှာ ပြုလုပ်ဖြစ်တဲ့ ကုသိုလ်တစ်မျိုးဖြစ်ပါတယ်။


12 November 2008

အတွေ့အကြုံလေးများ

ရေမယ်ရေမယ်နဲ့ မရေးဖြစ်တဲ့ ပို့စ်လေးကို ရေးလိုက်ပါပြီ။ စိတ်ဝင်စားစရာကောင်းပြီး စိတ်လှုပ်ရှားဖို့လည်းကောင်းတဲ့ နေ့ရက်တစ်ရက်အကြောင်းပါ။
ရုံးမှာရေးထားတဲ့ software လေးကို user စသုံးပြီး UAT( User Acceptance Testing) လုပ်ဖို့ မန်နေဂျာများနဲ့တကွ user site ဖြစ်တဲ့ မူလတန်ကျောင်းလေးကို အရောက်သွားခဲ့ပါတယ်။ မြန်မာပြည်မှာ user site ကို သွားတိုင်း ကိုယ့်ရဲ့user တွေက အသက်ကြီးကြီး ရာထူးကြီးကြီး လူကြီးသူမတွေဖြစ်ပေမဲ့ အခုတစ်ခါမှာတော့ ကိုယ့်ရဲ့user တွေက အသက်ခုနနှစ်အရွယ် primary school မှ ကလေးသူငယ်လေးများ ဖြစ်နေပါတယ်။ အတန်းထဲကိုရောက်တော့ ကလေးတွေက အခန်းထဲကိုမရောက်ကြသေးဘူး။ တခြားအခန်းမှာသင်ပြီးမှ ဒီဘက်အခန်းကို ပြောင်းလာကြပုံရတယ်။ ကလေးတွေ သုံးဖို့အတွက် fujitsu tablet လေးတွေကို ဗီရိုလိုမျိုးထဲ့မှာထည့်ပြီး ဘက်ထရီသွင်းထားပေးတယ်။ မြန်မာပြည်မှာက တက္ကသိုလ်တွေမှာတောင် ကွန်ပျူတာတွေကို Lab ထဲမှာအလုအယက်သုံးနေရတဲ့အချိန်မှာ ဒီက primary one ကလေးတွေကတော့ fujitsu tablet တစ်ယောက်တစ်လုံးနဲ့။ အခြေအနေက အဲဒီလို တန်းတူလိုက်နေတာ။
အတန်းထဲကို ကလေးတွေဝင်လာပြီဆိုရင်ဘဲ သူတို့သုံးမဲ့ laptop လေးတွေကို ကိုယ်တိုင်ယူ ကိုယ့် user account နဲ့ login ဝင်ပြီးတာနဲ့ Typing tutor website ကိုဖွင့်ပြီး အဖျောင်းဖျောင်းရိုက်နေတော့တာဘဲ။ အမယ် တို့များ ကိုကို မမတွေတင် blog သုံးကြတာမဟုတ်ဘူး ခုနနှစ်အရွယ် ကလေးလေးတွေကလည်း blog သုံးကြတယ်ဗျ။ သူတို့တွေ သင်ဖို့ သင်ခန်းစာတွေကို blog ပေါ်မှာတင်ထားပေးပြီး သင်ကြားမှုတွေလုပ်တယ်။ software လေးကိုစသုံးဖို့လုပ်တော့ ကလေးတွေကို network IP ပေးပြီး wireless နဲ့ဆရာမရဲ့စက်ကို connect လုပ်ခိုင်းတယ်။ တချို့ကလေးတွေက သင်ခန်းစာကိုလိုက်မလုပ်ဘဲ typing ဘဲရိုက်နေလို့ မနည်းပြောယူရတယ်။ စသုံးပြီဆိုတာနဲ့ electronic roll call ခေါ်ပြီး ကလေးတွေက သူတို့ laptop ကနေ သူတို့ရဲ့ ID ကိုရိုက်စေကာ စာသင်မှုကို စတင်ပါတယ်။ ဒါတောင်လိုက်မလုပ်တဲ့ ကလေးတွေကရှိပြီး နောက်ဆုံးဘယ်လိုမှပြောမရတော့ ဆရာမက ကလေးတွေအားလုံးကို လက်မြှောက်ခိုင်းကာ software ကိုဘယ်လိုသုံးရမယ်ဆိုတာသင်ပြပြီး စတင်သင်ကြားပါတယ်။ ဆရာမက webcam ကိုသုံးပြီး ကလေးတွေရဲ့ laptop မှာသူ့ရဲ့ပုံကို ပြလိုက်တဲ့အခါမှာတော့ ဆရာမရဲ့ပုံကို သူတို့ laptop မှာမြင်ရရော ဝေးလို့အော်ပြီးပျော်သွာကြတယ်။ ဆရာမက ကလေးတွေရဲ့ kewboard နဲ့ mouse တွေကို သုံးလို့မရအောင် control လုပ်တဲ့ အခါမှာတော့ "Teacher!! Why you control my computer" လို့အော်ပြီး complain လုပ်ပါတယ်။ complain နိုင်ငံလို့ဆိုတဲ့အတိုင်း ငယ်ငယ်လေးနဲ့ complain တက်တာက အကျင့်ဖြစ်နေပြီထင်ပါတယ်။ စာသင်နေတဲ့အချိန်မှာ ကလေးတချို့ရဲ့စက်တွေက ဘက်ထရီကုန်သွားလို့ ဘက်ထရီလဲပေးရသေးတယ်။
ဘာပဲပြောပြော စိတ်လှုပ်ရှာဖွယ်ကောင်တဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ သူတို့ရဲ့ ပညာရေးစနစ်ကို လက်တွေ့မြင်ရတော့ တကယ်ဘဲလေးစား အံ့သြမိတယ်။ တို့မြန်မာနိုင်ငံကြီးလည်း သူတို့လို ပညာရေးစနစ်လေးလုပ်ပေးရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးယဉ်မိပါတယ်။ လေထဲမှာ တိုက်အိမ်ဆောက်သလိုမျိုးပေါ့။ သူတို့ရဲစနစ်တွေ အားလုံးမမှီရင်တောင်မှ ပညာရေးအဆင့်အတန်းလေးမြှင့်တင်ပေးခဲ့ရင် တိုးတက်တဲ့နိုင်ငံကြီးဖြစ်လာမှာ မလွဲမသွေဖြစ်ပါတယ်။

25 September 2008

အတ္တကို အရောင်တင်ကြသူများ

လူအကြောင်းပေါင်းကြည့်မှသိတဲ့။ သိပ်မှန်တဲ့စကားတခွန်းပါဘဲ။ အမှတ်မထင်တွေ့ခဲ့ကြပြီး အရမ်းခင်သွားတဲ့ သူငယ်ချင်းတွေရှိသလို ပေါင်းလာတာကြာပြီးမှ မိတ်ပျက်သွားတဲ့ သူငယ်ချင်းတွေလည်းရှိပါတယ်။ ပိုက်ဆံကြောင့်မိတ်ပျက်သွားတဲ့ သူငယ်ချင်းသုံးယောက်ရှိသွားပြီ။ လူဆိုတာလည်းအခက်သား ငွေမျက်နှာတစ်ခုကိုကြည့်မိပြီဆိုရင် သူငယ်ချင်း မိတ်ဆွေဆိုတာ မရှိတော့ဘူး။ ငွေကြေးနောက်ကွယ်မှာ ဆုံးရှုံးသွားတဲ့အရာတွေကို သူတို့ မမြင်လိုက်ကြဘူး။ ငါဆိုတဲ့အတ္တကို အရောင်တောက်လာအောင် ကြိုးစားကြရင်း အချိန်တွေကုန်သွားကြတယ်။ တစ်ယောက်ချင်းဆီပေါ်မှာရတဲ့ ခံစားမှုတွေကတော့ မတူညီဘူး။ သူတို့တွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ်တော့ ပြန်သုံးသပ်မိတယ်။ ငါသူတို့တွေနဲ့ပတ်သက်ပြီး ဘယ်လိုသင်ခန်းစာရလဲ ဆိုပြီးပေါ့။ အတတ်နိုင်ဆုံး ကိုယ့်စိတ်ကို ဖြေသိမ့်နိုင်အောင်ဘဲ ကြိုးစားရမယ်။ ငါးရာနဲ့တန်ဖိုးဖြတ်တဲ့သူက ငါးရာတန်သူငယ်ချင်း၊ ငါးဆယ်နဲ့တန်ဖိုးဖြတ်တဲ့သူက ငါးဆယ်တန်သူငယ်ချင်းပေါ့။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သတ်မှတ်လိုက်ကြတယ်လို့ ယူဆပါတယ်။ အတွေ့အကြုံမျိုးစုံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီအချိန်မှာ ကိုယ့်ကိုကိုယ်ပြန်စဉ်းစာမိတာက သူတို့နေရာမှာငါဆိုရင်ကော အဲဒီလိုလုပ်မှာလား????