08 November 2010

ကျွန်မနှင့် ဖိနပ်များ

ဖိနပ်ဆိုတာ လူတစ်ဦးတစ်ယောက်အတွက် အမြဲတမ်းလိုအပ်နေတဲ့ မရှိမဖြစ်အရာတစ်ခုပါ။ ဖိနပ်တွေကို ကြိုက်တတ်တဲ့ကျွန်မ ဖိနပ်တွေအများကြီးဝယ်တတ်တဲ့အကျင့်က အဆန်းတော့ မဟုတ်ပါဘူး။ အမြဲတမ်းလိုလို ဆယ်ရံထက်မနဲ့တဲ့ ကျွန်မရဲ့ဖိနပ်တွေဟာ တခါတလေမှာတော့ အလုပ်ရှုပ်သား.. အထူးသဖြင့် အိပ်ခဏခဏပြောင်းလွန်းတဲ့ကျွန်မအတွက် ဖိနပ်တွေကို သိမ်းရတာအလုပ်တစ်ခုပါဘဲ။

တချို့ဖိနပ်တွေက ဈေးအင်မတန်ကြီးသလို လှပဆန်းသစ်မှုဟာလည်း အမျိုးမျိုးရှိကြပြန်တယ်။ တလောက ကမ္ဘာ့ဈေးအကြီးဆုံး ဖိနပ်တစ်ရံဆိုပြီး ဖတ်လိုက်မိတယ်။ ကျောက်မျက်ရတနာ ဒီဇိုင်းပညာရှင် Christopher Michael Shellis ဖန်တီးထားတဲ့ Eternal Diamond (အဆုံးမဲ့ ထာဝရစိန်) လို့ခေါ်တဲ့ ဒေါက်မြင့်ဖိနပ် ကို ရောင်းဈေးက ပေါင် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၅,၀၀၀) တန်ပါသတဲ့။ အဲလောက်ဈေးကြီးတဲ့ဖိနပ်ကိုတော့ ဝယ်စီးဖို့စိတ်ကူးမရှိတာအမှန်ပါ…

တချို့ဖိနပ်တွေက ဈေးအနည်းငယ်ကြီးတယ်။ တော်တော်လေးလှတော့ စီးချင်တဲ့စိတ်ဖြစ်မိတာနဲ့ ဝယ်လိုက်တယ်။ ဆိုင်မှာ ခဏစီးကြည့်တာတော့လည်း အဆင်ပြေနေတာဘဲလေ။ တကယ်တမ်း စီးတဲ့အခါမှာတော့ မျက်ရည်ကျလောက်အောင် နာကျင်ပြီ ဒုက္ခပေးတဲ့ အတွက်ကြောင့် ခဏသာစီးပြီး ဘယ်တော့မှ ထပ်မစီးဖြစ်တဲ့ ဖိနပ်တစ်ရံလည်း ရှိခဲ့ဘူးတယ်။ ဘယ်လောက်ဘဲကြိုက်ကြိုက် ကိုယ်နဲ့ အဆင်မပြေတဲ့ဖိနပ်ကိုတော့ ကြိတ်မှိတ်ပြီးမစီးနိုင်ပါဘူး။

တချို့ဖိနပ်ကျပြန်တော့ ဈေးလည်းသိပ်မကြီးဘူး။ ပေါ့ပေါ့ပါးပါး ရိုးရိုးရှင်းရှင်းနဲ့ စီလို့ကောင်းတယ်။ ခြေထောက်ကိုလည်းပေါက်ပြဲမှု မရှိဘူး။ ဒါပေမဲ့ နေရာတိုင်းကို စီးဖို့မသင့်တော်တဲ့အတွက် အကြမ်းစီးဖို့အတွက်ဘဲ အသုံးဝင်စေတယ်။ ကိုယ်သွားမဲ့ နေရာဒေသနဲ့ လိုက်ဖက်မှုမရှိဘူးဆိုမှတော့ ဘယ်လောက်ပဲ စီးလို့ကောင်းကောင်း အမြဲတမ်းစီးနေဖို့က မဖြစ်နိုင်ဘူးလေ။

တချို့ဖိနပ်တွေက ဈေးနှုန်းအားဖြင့် သင့်တင့်တယ်။ လှတပတနဲ့ စီးလိုက်တဲ့အခါတိုင်းမှာ နာကျင်မှုမရှိဘဲ ပေါ့ပါးလွတ်လပ်တယ၊် လမ်းလျှောက်တဲ့အခါမှာ သက်တောင့် သက်သာနဲ့ လိုရာခရီးကို အဆင်ပြေပြေသွားနိုင်တယ် ။ သပ်သပ်ရပ်ရပ်၊ ခိုင်ခိုင်ခံ့ခံ့နဲ့ ခေတ်မှီ လှပအောင်ချုပ်ထားတဲ့ ဖိနပ်တစ်ရံကိုတော့ အမြဲတမ်းစီးဖို့ ရွေးချယ်ပါတယ်။ ဒီဇိုင်းအရမ်းဆန်းလွန်းရင်လည်း ခဏလေးနဲ့ ရိုးသွားတတ်တာကြောင့် ခပ်ရှုပ်ရှုပ်ဒီဇိုင်းတွေကို ရွေးလေ့မရှိဘူး။ အမြင်အားဖြင့် ခပ်ရှင်းရှင်း၊ မရိုးလွန်း မဆန်းလွန်တဲ့ ဖိနပ်လေးကိုတော့ တော်တော်လေးကြိုက်မိတယ်။

မိန်ကလေးတစ်ယောက်အနေနဲ့ မိမိဘဝလက်တွဲဖော်ရွေးတဲ့အခါ ဖိနပ်တစ်ရံကို ရွေးချယ်သလို သေသေချာချာရွေးနိုင်မှသာ ကိုယ့်ဘဝအတွက် အဆင်ပြေနိုင်မဲ့သူကို ရှာဖွေနိုင်ပါလိမ့်မယ်။ အပေါ်မှာပြောခဲ့တဲ့ ဖိနပ်တွေနဲ့နှိုင်းယှဉ်ရရင် နောက်ဆုံးပြောခဲ့တဲ့ အမျိုးအစားလို ကိုယ့်အတွက် အဆင်ပြေနိုင်မဲ့သူတစ်ယောက်ကို ရွေးချယ်နိုင်ခဲ့ရင်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်မှာပါ…….


2 comments:

ကိုဇော် said...

ဘဝကို လှမ်းလျှောက်တဲ့ အခါမှာ ဘယ်နေရာမှာ မဆို အံဝင်ခွင်ကျမယ် ဆိုတဲ့ ဖိနပ် တစ်စုံကို ပိုနှစ်သက်ပါတယ်။ နောက်တစ်ခုက ကျနော် သံဃာတော်တွေ ဆွမ်း ၊ ဆန် အလှူခံတဲ့ အခါမှာ ဖိနပ် မစီးဘူး။ ဘာလို့လို့ မြင်ပါသလဲ။

Than Yaw Zin said...

ဆွမ်း အလှူခံတဲ့ အခါမှာ ဖိနပ် မစီးပေမဲပ ဆန် အလှူခံတဲ့ အခါမှာ ဖိနပ်စီးပါတယ်.. ဝိနည်းတော်တွေကို သေချာမသိတဲ့အတွက် မဆွေးနွေးတတ်ပါ...